Google က COVID-19 ကပ်ရောဂါ ကာလမှာ စက်ဘီးစီးတဲ့ လမ်းကြောင်းတွေကို ပြသပေးတဲ့ လုပ်ဆောင်ချက်တွေကို Google Maps မှာ အသုံးပြုမှု အရမ်းများလာတယ်လို့ ပြောပါတယ်။ စက်ဘီးစီးတာနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက် အသစ်တွေကို တောင်းဆိုမှုဟာ ၆၉ ရာခိုင်နှုန်းလောက် ပိုများလာပြီး အခုတော့ Google က User တွေ စိတ်ကျေနပ်အောင် ပြုလုပ်ပေးလိုက်ပါတယ်။ အထင်ကရ မြို့ တချို့အတွက် စက်ဘီးစီးတာနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေနဲ့ တည်နေရာ ညွှန်ပြမှုတွေကို ထည့်သွင်းပေးလိုက်ပါတယ်။ စက်ဘီး သမားတွေအတွက် တော်တော် အသုံးဝင်လာမှာပါ။
Google ဟာ အဲဒီလုပ်ဆောင်ချက် အသစ်တွေအတွက် AI Algorithm ၊ User တွေဆီက ဒေတာတွေနဲ့ ဒေသတွင်း အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ ဒေတာတွေကို အသုံးပြုထားတာပါ။ တချို့ မြို့တွေအတွက် Google Maps မှာ စက်ဘီးစီးတဲ့ လမ်းကြောင်းတွေနဲ့ စက်ဘီးစီးလို့ အဆင်ပြေတဲ့ လမ်းတွေ၊ တည်နေရာတွေကို ပြသပေးထားပါတယ်။ စက်ဘီးနဲ့သွားလို့ရတဲ့ ဖြတ်လမ်းတွေကို ပြသပေးတာက အရမ်း မိုက်ပါတယ်။
ဒါ့အပြင် Google Maps မှာ စက်ဘီးငှားလို့ရတဲ့ တည်နေရာတွေကို လမ်းညွှန်ပေးနိုင်လာပါတယ်။ ဒါဟာ ဘတ်စ်ကားဂိတ်လို အများပြည်သူ သယ်ယူပို့ဆောင်ရေး တည်နေရာတွေကို လမ်းညွှန်ပေးတာနဲ့ တူပါတယ်။ မြို့များစွာမှာ စက်ဘီးငှားတဲ့ ဝန်ဆောင်မှုတွေနဲ့ Google Maps မှာ ချိတ်ဆက်ထားတဲ့အတွက် ငှားရတာ ပိုအဆင်ပြေလာပါတယ်။
Ref : gsmarena