ခရီးသွားဖို့ စီစဉ်ရတာ ခေါင်းခဲစရာ မလိုတော့ပါဘူး။ Google Search ရဲ့ AI Mode အသစ် က သင့်အတွက် လေယာဉ်လက်မှတ် ဈေးနှုန်းတွေကို စောင့်ကြည့်ပေးဖို့နဲ့ ဟိုတယ်တွေ ဘွတ်ကင်လုပ်ပေးနိုင်တဲ့ စွမ်းဆောင်ရည်တွေ ရရှိလာပါပြီ။ ဒီလုပ်ဆောင်ချက်က Google Flights လိုပဲ အလုပ်လုပ်တာဖြစ်ပြီး လေကြောင်းလိုင်းနဲ့ ခရီးသွားဝက်ဘ်ဆိုက် ၃၀၀ ကျော်က အကောင်းဆုံး လေယာဉ်ခရီးစဉ်တွေကို AI နဲ့ စကားပြောရင်း အလွယ်တကူ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
ပိုပြီး အဆင်ပြေတာကတော့ AI Mode ထဲမှာတင် ခရီးစဉ်တွေကို တစ်ခါတည်း စီစဉ်နိုင်ပြီး လေကြောင်းလိုင်းဝက်ဘ်ဆိုက်တွေ ဒါမှမဟုတ် တခြားဘွတ်ကင်ပလက်ဖောင်းတွေကနေတစ်ဆင့် လက်မှတ်တွေကို ဝယ်ယူနိုင်တာပဲ ဖြစ်ပါတယ်။ ငွေသားချည်းပဲ သုံးစရာမလိုဘဲ သင့်ဆီမှာ ခရီးသွားမိုင်တွေ ရှိနေမယ်ဆိုရင်လည်း အဲဒီမိုင်တွေကို အသုံးပြုပြီး လေယာဉ်လက်မှတ် ရှာဖွေဝယ်ယူနိုင်အောင် AI က ကူညီပေးဦးမှာပါ။
တည်းခိုဖို့ နေရာအတွက်လည်း ပူစရာမလိုပါဘူး။ AI Mode ကိုယ်တိုင်က ဓာတ်ပုံတွေ၊ ဧည့်သည်တွေရဲ့ သုံးသပ်ချက်တွေနဲ့ ဈေးနှုန်းတွေ ပြည့်ပြည့်စုံစုံ ပါဝင်တဲ့ ဟိုတယ်ရွေးချယ်စရာတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ သဘောကျတဲ့ ဟိုတယ်ကို တွေ့ပြီဆိုရင် Google ကနေတစ်ဆင့် တိုက်ရိုက်ဘွတ်ကင်လုပ်ကာ Google Pay နဲ့ လုံခြုံစိတ်ချစွာ ငွေပေးချေနိုင်ပါတယ်။ လေယာဉ်ခရီးစဉ် စောင့်ကြည့်တဲ့ အင်္ဂါရပ်ကို နိုင်ငံပေါင်း ၁၈၀ ကျော်မှာ စတင်ရရှိနေပြီဖြစ်ပြီး ဟိုတယ်ဘွတ်ကင်လုပ်တဲ့ လုပ်ဆောင်ချက်ကိုတော့ အမေရိကန်နိုင်ငံမှာ အရင်ဆုံး စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Ref : gsmarena