Google ရဲ့ အတွင်းသတင်းတွေကို ခိုးယူပြီး Polymarket လောင်းကစားပလတ်ဖောင်းပေါ်မှာ အမေရိကန်ဒေါ်လာ ၁.၂ သန်း (မြန်မာငွေ ဘီလီယံချီ) အထိ အပိုင်အနိုင်ရအောင် လုပ်ခဲ့တဲ့ Google ထိပ်တန်းအင်ဂျင်နီယာတစ်ဦးကို FBI နဲ့ အမေရိကန်အာဏာပိုင်တွေက လက်ရဖမ်းဆီးလိုက်ပါတယ်။ အဖမ်းခံရသူဟာ ဆွစ်ဇာလန်မှာနေထိုင်တဲ့ အီတလီနိုင်ငံသား Michele Spagnuolo ဖြစ်ပြီး Google မှာ သတင်းအချက်အလက်လုံခြုံရေးအင်ဂျင်နီယာအဖြစ် ၁၂ နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့တဲ့ ပညာရှင်ကြီး ဖြစ်ပါတယ်။ သူဟာ ဝန်ထမ်းအားလုံး သုံးလို့ရတဲ့ Tool ကနေတစ်ဆင့် အများပြည်သူဆီ မရောက်သေးတဲ့ ကုမ္ပဏီရဲ့ အချက်အလက်တွေကို ကြိုတင်ကြည့်ရှုပြီး Insider Trading (အတွင်းသတင်းသုံးပြီး မမှန်မကန် လုပ်စားမှု) ဥပဒေကို ချိုးဖောက်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Google က သူ့ကို အလုပ်ကနေ ယာယီရပ်နားလိုက်ပြီ ဖြစ်ပါတယ်။

Bloomberg via Getty Images Google's multi-coloured logo is seen on a white sign in outside their headquarters, a grey and beige building with trees in the foreground and wispy clouds against a blue sky, in Mountain View, California in 2024

သူ့ကို ကမ္ဘာကျော်သွားစေတဲ့ လောင်းကြေးကတော့ “၂၀၂၅ ခုနှစ်အတွင်း Google မှာ လူရှာအများဆုံး (Most Searched) က ဘယ်သူဖြစ်မလဲ” ဆိုတဲ့ ခန့်မှန်းချက်ပဲ ဖြစ်ပါတယ်။ သူဟာ သာမန်လူတွေ ခန့်မှန်းကြတဲ့ ဒေါ်နယ်ထရန့်တို့လို နာမည်ကြီးတွေကို ကျော်ပြီး အဲဒီအချိန်မှာ ပေါက်ကြေး သုညနီးပါးပဲရှိတဲ့ အဆိုတော် D4vd ကို ရွေးပြီး အပိုင်လောင်းခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ အဆိုတော် D4vd ဟာ ဆယ်ကျော်သက်မိန်းကလေးတစ်ဦးကို သတ်ဖြတ်မှုနဲ့ ထောင်ကျနေလို့ လူပြောသူပြော အများဆုံးဖြစ်နေတာကို Google ရဲ့ Data တွေအရ သူက ကြိုသိနေတာ ဖြစ်ပါတယ်။ သတင်းတွေ အပြင်ကို မပေါက်ခင် ကုမ္ပဏီတွင်း အချက်အလက်တွေကို ကြိုမြင်နေရတဲ့အတွက် အခုလို လောင်းကြေးအကြီးကြီးထပ်ပြီး ဒေါ်လာသန်းချီ အမြတ်ထုတ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Google information security engineer charged with using inside information  to make $1M on Polymarket - ABC News

ဒီအင်ဂျင်နီယာဟာ လူမိမှာစိုးလို့ AlphaRaccoon ဆိုတဲ့ အကောင့်နာမည်အပြင် တခြား ခရစ်ပတိုအကောင့်ပေါင်းများစွာ သုံးပြီး ပါးပါးနပ်နပ် ကစားခဲ့တာ ဖြစ်ပေမယ့် နောက်ဆုံးမှာတော့ FBI ရဲ့ လက်ချက်နဲ့ မိသွားခဲ့ရပါတယ်။ FBI က သူ့ရဲ့ အီတလီမှတ်ပုံတင်နဲ့ ဖွင့်ထားတဲ့ အကောင့်တစ်ခုကနေတစ်ဆင့် ကျန်တဲ့အကောင့်တွေကို ကွင်းဆက်လိုက်ပြီး ခြေရာခံမိသွားတာ ဖြစ်ပါတယ်။ Polymarket ဘက်ကလည်း “Blockchain စနစ်ဆိုတာ ပွင့်လင်းမြင်သာမှုရှိပြီး ခြေရာခံလို့ရတာကြောင့် မရိုးမသားလုပ်တဲ့သူတွေဟာ ဘယ်လိုမှ ခြေရာဖျောက်လို့မရပါဘူး” လို့ ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့ ဒီအင်ဂျင်နီယာကြီးကို ဒေါ်လာ ၂.၂၅ သန်း အာမခံငွေ နဲ့ ပြန်လွှတ်ပေးထားပါတယ်။

Ref : BBC