iPhone အသုံးပြုသူတွေအတွက် အသုံးအဝင်ဆုံးနဲ့ စိတ်ဝင်စားဖို့ အကောင်းဆုံး နည်းပညာတစ်ခုကတော့ ဖုန်းဘက်ထရီ လုံးဝကုန်ပြီး ပိတ်သွားရင်တောင် ဖုန်းဘယ်နားရောက်နေလဲဆိုတာကို ရှာဖွေနိုင်တဲ့ စနစ်ပဲ ဖြစ်ပါတယ်။ Apple ရဲ့ Find My ကွန်ရက်ဟာ iPhone 11 နဲ့ နောက်ပိုင်းထွက် ဖုန်းမော်ဒယ်တွေမှာ ပါဝင်တဲ့ Power Reserve Mode (ပါဝါအရန်သိမ်းဆည်းမှု စနစ်) ကို အသုံးပြုပြီး ဘက်ထရီ အနည်းငယ်မျှသာ ကျန်တော့တဲ့ အခြေအနေမှာတောင် တည်နေရာကို ဆက်ပြပေးနိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။
အဲဒီနည်းပညာရဲ့ အဓိက အလုပ်လုပ်ပုံ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
🔶ပါဝါအရန်စနစ် (Power Reserve Mode): iPhone ဘက်ထရီ သုညရာခိုင်နှုန်းအထိ ကျဆင်းပြီး ဖုန်းပိတ်သွားတဲ့အခါ iOS ဟာ အရေးကြီးလုပ်ဆောင်ချက်တွေအတွက် ဘက်ထရီပါဝါ အနည်းငယ်ကို ချန်ထားပေးပါတယ်။ ဒီအခြေအနေမှာ ဖုန်းမျက်နှာပြင် ဖွင့်မရတော့ပေမဲ့ ဖုန်းကို AirTag တစ်ခုလိုမျိုး ပြောင်းလဲပေးလိုက်တာ ဖြစ်ပါတယ်။
🔶ရှာဖွေနိုင်မယ့် ကြာချိန်: ဖုန်းပိတ်သွားပြီးနောက် ၂၄ နာရီအထိ (ဒါမှမဟုတ်) Power Reserve Mode ထဲမှာ ၅ နာရီအထိ တည်နေရာကို ရှာဖွေနိုင်ပါတယ်။ ဘက်ထရီ အလွန်အမင်း အားနည်းသွားချိန်မှာလည်း နောက်ဆုံးရောက်ရှိနေတဲ့ တည်နေရာကို Apple ဆီ အလိုအလျောက် ပေးပို့ထားလေ့ ရှိပါတယ်။
🔶နည်းပညာ ပူးပေါင်းလုပ်ဆောင်မှု: iPhone 11 ကစပြီး ပါဝင်လာတဲ့ Ultra Wideband (UWB) ချစ်ပ်ပြားရဲ့ တိကျတဲ့ တည်နေရာပြစနစ်နဲ့ Bluetooth Low Energy (BLE) နည်းပညာတို့ကို ပေါင်းစပ်အသုံးပြုထားတာ ဖြစ်ပါတယ်။
🔶Apple ကွန်ရက် အကူအညီ: အားကုန်နေတဲ့ သင့် iPhone အနီးအနားကနေ အခြား Apple အသုံးပြုသူတစ်ယောက် ဖြတ်သွားရုံနဲ့ BLE နည်းပညာကတစ်ဆင့် ဖုန်းရဲ့ တည်နေရာကို လှမ်းပြီး သိရှိနိုင်မှာ ဖြစ်ပါတယ်။
ဒီစနစ်ကို အသုံးပြုနိုင်ဖို့အတွက် ဖုန်းရဲ့ Settings ထဲက ကိုယ့်နာမည် (Apple Account) ကို နှိပ်၊ Find My ထဲကိုဝင်ပြီး “Find My iPhone” ကို ဖွင့်ထားဖို့ လိုအပ်ပါတယ်။ ဒါဆိုရင်တော့ ဖုန်းပျောက်ဆုံးတာ ဒါမှမဟုတ် အခိုးခံရတာတွေ ကြုံရတဲ့အခါ ဘက်ထရီကုန်နေရင်တောင် Find My App ရဲ့ Devices ကဏ္ဍထဲမှာ ပြန်လည်ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
Ref : Yahoo