ဂျပန်နိုင်ငံရဲ့ အလုပ်အရှုပ်ဆုံး ဟာနီဒါလေဆိပ်မှာ မောပန်းနွမ်းနယ်မှုမရှိဘဲ အလုပ်လုပ်မယ့် ဝန်ထမ်းသစ်တွေ မေလကစပြီး ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အဲဒီဝန်ထမ်းသစ်တွေကတော့ တရုတ်နိုင်ငံထုတ် Unitree အမျိုးအစား လူတူစက်ရုပ်တွေဖြစ်ပြီး ခရီးသည်တွေရဲ့ ခရီးဆောင်အိတ်တွေနဲ့ ကုန်စည်တွေကို သယ်ယူရွှေ့ပြောင်းပေးမယ့် တာဝန်ကို ယူကြမှာပါ။ ဒီစမ်းသပ်မှုဟာ ၂၀၂၈ ခုနှစ်အထိ ကြာမြင့်မှာဖြစ်ပြီး ဂျပန်လေကြောင်းလိုင်း (JAL) ကတော့ ဒါဟာ နိုင်ငံအတွင်း ကြုံတွေ့နေရတဲ့ ဝန်ထမ်းရှားပါးမှုပြဿနာအတွက် အကောင်းဆုံး ဖြေရှင်းချက်တစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်နေပါတယ်။

အခုလို လူတူစက်ရုပ်တွေကို အသုံးပြုရတဲ့ အဓိကအကြောင်းရင်းကတော့ ဂျပန်နိုင်ငံမှာ လူဦးရေ အိုမင်းမှုများလာပြီး လုပ်သားအင်အား ရှားပါးလာတာကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံခြားသားခရီးသည်ဝင်ရောက်မှုက ၂၀၂၆ ခုနှစ်ရဲ့ ပထမနှစ်လအတွင်းမှာတင် ၇ သန်းကျော်အထိ စံချိန်တင်များပြားနေတာကြောင့် လေဆိပ်မြေပြင်လုပ်ငန်းတွေမှာ လူအင်အားနဲ့ မလောက်မငဖြစ်လာတာကို အဲဒီစက်ရုပ်တွေနဲ့ အစားထိုးကုစားဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

ဒီလူတူစက်ရုပ်တွေဟာ တစ်ခါအားသွင်းထားရင် ၂ နာရီကနေ ၃ နာရီအထိ မနားတမ်း အလုပ်လုပ်နိုင်ပြီး နောက်ပိုင်းမှာ လေယာဉ်ခန်းမအတွင်း သန့်ရှင်းရေးလုပ်တဲ့ တာဝန်တွေကိုပါ ပေးအပ်သွားဖို့ ရှိနေပါတယ်။ ဒါပေမဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ စီမံခန့်ခွဲမှုလိုမျိုး အရေးကြီးတဲ့ အပိုင်းတွေကိုတော့ လူသားဝန်ထမ်းတွေကပဲ ဆက်လက်ကိုင်တွယ်သွားမှာဖြစ်လို့ နည်းပညာနဲ့ လူသားတို့ လက်တွဲလုပ်ဆောင်သွားမယ့် ပုံစံသစ်တစ်ခုကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
Ref : The Guardian