အကောင့်တုတွေနဲ့ Spambot တွေကိုတိုက်ဖျက်ဖို့အတွက် Instagram ဟာ အသုံးပြုသူအထောက်အထားစိစစ်ခြင်းစနစ်သစ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် Video Selfie ကို စတင်တောင်းခံတော့မယ်လို့ သိရပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ဂေဟစနစ်ကိုအနှောင့်အယှက်ဖြစ်စေတဲ့ Spambot အရေအတွက်ကို လျော့ကျစေမယ်လို့ မျှော်လင့်ရပါတယ်။

ဒီလိုမျိုး အကောင့်မှတ်ပုံတင်ခြင်းအဆင့်သစ်ကို စတင်ပြီးထောက်ပြခဲ့တာက မီဒီယာအတိုင်ပင်ခံ Matt Navarra ဖြစ်ပါတယ်။ ဒီအဆင့်မှာ သုံးစွဲသူက သူဟာ လူသားအစစ်အမှန်ဖြစ်ကြောင်း ဦးခေါင်းကိုလှည့်ပတ်ပြတဲ့ ဗီဒီယိုကိုရိုက်ကူးပေးရမှာ ဖြစ်ပါတယ်။ ဒါဟာ လုံခြုံရေးစီမံချက်ဖြစ်ပြီး ဒီဗီဒီယိုတွေကို ပလက်ဖောင်းပေါ်က ဘယ်နေရာမှာမှ မြင်တွေ့နိုင်မှာမဟုတ်တဲ့အပြင် ဆာဗာပေါ်ကနေလည်း ရက်ပေါင်း ၃၀ အတွင်း ဖျက်ပစ်မယ်လို့ သိရပါတယ်။

ကုမ္ပဏီရဲ့အဓိကရည်ရွယ်ချက်က Bot နဲ့ Instagram အကောင့်တွေအစုလိုက်အပြုံလိုက်ပြုလုပ်ခြင်းကို တားဆီးဖို့ဖြစ်ပါတယ်။ ဒါကြောင့် တစ်ဖက်မှာတော့ အသုံးပြုသူတစ်ဦးဟာ ဒီပလက်ဖောင်းပေါ်မှာ အကောင့်ခွဲတွေ ဖန်တီးနိုင်နေသေးတယ်လို့ ဆိုရပါမယ်။ ဒီလုပ်ဆောင်ချက်မျိုးဟာ Tinder လိုမျိုး Dating Apps တွေမှာလည်း အသုံးပြုနေကြတာကြောင့် အသစ်အဆန်းလို့တော့ ပြောလို့မရပါဘူး။

Instagram အနေနဲ့ အခုလုပ်ဆောင်ချက်ကို တစ်ကမ္ဘာလုံးမှာမဖြန့်ကျက်ရသေးဘူးလို့ ယုံကြည်ရပြီး သိပ်မကြာတော့တဲ့အချိန်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ချိလုပ်ဆောင်သွားမယ်လို့ ယုံကြည်ရပါတယ်။ Instagram ဟာ Stories တွေမှာ “Like” option မိတ်ဆက်ဖို့လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် “Take a Break” လိုမျိုး အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေကိုလည်း ထည့်သွင်းနေတာကို မြင်တွေ့ရပါတယ်။

Ref: Phone Arena