Apple ဟာ iPhone Plus မော်ဒယ်တွေ ရောင်းအား မကောင်းတဲ့အတွက် ဒီနှစ်မှာ Plus အစား iPhone 17 Air ကို ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒီဖုန်းဟာ တော်တော်ပါးလွှာမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က iPhone 17 Air ရဲ့အထူဟာ ၅.၅ မီလီမီတာပဲ ရှိမယ်လို့ ပြောပါတယ်။
Apple ဟာ အထူ ၅.၁ မီလီမီတာပဲ ရှိတဲ့ ၁၃ လက်မ iPad Pro ကိုလည်း ကြေညာထားပါတယ်။ iPhone 17 Air ကတော့ အဲဒီလောက်ပါးလွှာမှာ မဟုတ်ပါဘူး။
အရင်ကတော့ iPhone 17 Air ရဲ့ အထူဟာ ၆.၂၅ မီလီမီတာ ရှိမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ နိုဝင်ဘာလမှာတုန်းက ၅ နဲ့ ၆ မီလီမီတာ အကြားရှိမယ်လို့ သိခဲ့ရပါတယ်။
Kuo က iPhone 17 Air မှာ Physical SIM Card Slot မပါလာနိုင်ဘူးလို့ ပြောပါတယ်။ ဖုန်းအထူကို လျှော့ချဖို့ eSIM ကိုပဲ အသုံးပြုထားမှာ ဖြစ်ပါတယ်။ Kuo က တရုတ်မှာတော့ eSIM ဖုန်းတွေကို မထောက်ပံ့တဲ့အတွက် ပြဿနာ ရှိနိုင်တယ်လို့ ပြောပါတယ်။
သူက iPhone 17 Air ဟာ ပါးလွှာတဲ့အတွက် ဈေးနှုန်းမြင့်မားပြီး အစိတ်အပိုင်းတွေကို လျှော့ချထားမယ်လို့ ပြောပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၁ လုံးထဲ တပ်ဆင်ထားနိုင်ပါတယ်။
Ref : gsmarena