ဂျပန်နိုင်ငံမှာ ဝက်ဝံတွေ လူကို ကိုက်ခဲတိုက်ခိုက်လို့ သေဆုံးရတဲ့ဖြစ်စဉ်တွေ စံချိန်တင် များပြားလာတာကြောင့် တောရိုင်းတိရစ္ဆာန်တွေကို မောင်းထုတ်ပေးမယ့် ကြောက်မက်ဖွယ် ‘စက်ရုပ်ဝံပုလွေ’ တွေ အလုအယက် ဝယ်ယူနေကြရပါတယ်။ ဟိုကိုင်းဒိုးအခြေစိုက် Ohta Seiki ကုမ္ပဏီက ထုတ်လုပ်တဲ့ “Monster Wolf” လို့ ခေါ်တဲ့ အဆိုပါစက်ရုပ်ဟာ တကယ့်ကို အိပ်မက်ဆိုးတစ်ခုလို ပုံစံဖန်တီးထားတာဖြစ်ပြီး အခုနှစ်အတွင်းမှာတင် ပုံမှန်တစ်နှစ်စာထက် ပိုများတဲ့ အော်ဒါအခုရေ ၅၀ ကျော် ရရှိထားပါတယ်။ ဒီစက်ရုပ်တွေကို လက်နဲ့ပဲ သေချာအသေးစိတ် ပြုလုပ်ရတာကြောင့် အော်ဒါမှာသူတွေအနေနဲ့ ၂ လကနေ ၃ လအထိတောင် တန်းစီစောင့်ဆိုင်းနေရတဲ့အထိ ဝယ်လိုအား သောင်းကျန်းနေတာပါ။

Robot wolves' in high demand to scare off bears in Japan - The Japan Times

ဒီစက်ရုပ်ဟာ သာမန်ရုပ်သေးရုပ် မဟုတ်ပါဘူး။ ဝက်ဝံတွေကို တကယ်ခြောက်လှန့်နိုင်ဖို့ သွေးပျက်စရာ ကောင်းလောက်အောင် အူသံ၊ ဟောက်သံတွေနဲ့ လူသံအပါအဝင် အသံအမျိုးအစား ၅၀ ကျော်ကို ထုတ်လွှင့်နိုင်ပြီး ၁ ကီလိုမီတာအကွာအဝေးအထိပါ အသံကြားရမှာ ဖြစ်ပါတယ်။ စက်ရုပ်ရဲ့ ခေါင်းက ဘေးဘယ်ညာ ယိမ်းခါနေမှာဖြစ်ပြီး နီရဲနေတဲ့ LED မျက်လုံးတွေက တဖျတ်ဖျတ်လင်းကာ အမြီးကပါ အပြာရောင်အလင်းတွေ ထွက်နေမှာ ဖြစ်ပါတယ်။ ဒီလို ထိရောက်တဲ့ နည်းပညာကြောင့်ပဲ ဝက်ဝံအန္တရာယ်ကို စိုးရိမ်နေရတဲ့ လယ်သမားတွေ၊ ဂေါက်ကွင်းလုပ်ငန်းရှင်တွေနဲ့ တောတောင်နဲ့နီးတဲ့ ဆောက်လုပ်ရေးသမားတွေက အမေရိကန်ဒေါ်လာ ၄,၀၀၀ ကျော် ပေးရတဲ့ ဒီစက်ရုပ်ကို မဖြစ်မနေ အားကိုးတကြီး ဝယ်ယူနေကြတာ ဖြစ်ပါတယ်။

Japan 'robot wolves' in high demand to scare off bears - VnExpress  International

ဂျပန်မှာ ဝက်ဝံအန္တရာယ်ဟာ အခုအခါမှာ ကြောက်ခမန်းလိလိ ဖြစ်လာခဲ့ပါတယ်။ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း ဝက်ဝံတိုက်ခိုက်မှုကြောင့် လူ ၁၃ ဦးအထိ စံချိန်တင် သေဆုံးခဲ့ရပြီး ဝက်ဝံတွေ့ရှိကြောင်း သတင်းပို့မှုပေါင်း ၅၀,၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ ဝက်ဝံတွေဟာ တောထဲမှာတင်မကဘဲ လူနေအိမ်တွေ၊ ကျောင်းတွေအနီး၊ စူပါမားကတ်တွေနဲ့ ရေပူစမ်း အပန်းဖြေစခန်းတွေထဲအထိ နေ့စဉ်နဲ့အမျှ ဝင်ရောက်သောင်းကျန်းနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ ကုမ္ပဏီအနေနဲ့ ဒီစက်ရုပ်ကို ဘီးတွေတပ်ဆင်ပြီး တိရစ္ဆာန်တွေကို လိုက်လံမောင်းထုတ်နိုင်ဖို့ အဆင့်မြှင့်တင်နေသလို၊ နောက်ပိုင်းမှာ AI ကင်မရာတွေ ထည့်သွင်းဖို့နဲ့ တောင်တက်သမားတွေနဲ့ ကျောင်းသားတွေအတွက် လက်ကိုင်ဗားရှင်းပုံစံမျိုးအထိ ထုတ်လုပ်ဖို့ပါ စီစဉ်နေပါတယ်။

Ref : Channel News Asia