Meta က ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲနေတဲ့ ရုရှားကို ပိတ်ပင်တားဆီးမှုတွေ စတင် လိုက်ပြီ ဖြစ်ပြီး ရုရှား နိုင်ငံ မီဒီယာတွေကို Facebook မှာ ကြော်ငြာခွင့်နဲ့ ဝင်ငွေရှာခွင့် ပိတ်ပင်လိုက်ပါတယ်။ ဒီသတင်းကို လုံခြုံရေး မူဝါဒ အကြီးအကဲ Nathaniel Gleicher က တွစ်တာမှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။
ရုရှား စစ်တပ်တွေဟာ ယူကရိန်းထဲကို ဖက်ပေါင်းစုံကနေ ကြာသာပတေးနေ့က ဝင်ရောက်လာပြီးနောက်မှာ Meta က အခုလို ကြေညာလိုက်တာပါ။ အဲဒီမှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။ ပူတင်ကတော့ “ ယူကရိန်းဟာ ရုရှားတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေ ပြုလုပ်နေကြပြီး ယူကရိန်း အစိုးရဟာ နာဇီလက်သစ်တွေ ဖြစ်ပါတယ်။ “ လို့ အခြေအမြစ် မရှိ စွပ်စွဲထားပါတယ်။
Meta ရဲ့ ပြောရေးဆိုခွင့်ရှိသူ ၁ ယောက်က “ အဲဒီ ဒေသနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေဆီ မရောက်လာဖို့ အထူးအလေးပေး စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့ မူဝါဒတွေကို ချိုးဖောက်တဲ့ Content တွေကို ဖယ်ရှားနေပြီး အဲဒီ ဒေသက Third-party Fact-checkers တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ “ လို့ ပြောပါတယ်။
Content ဟာ သတင်းမှားဆိုရင် လူ မြင်တာနည်းအောင် Feed ရဲ့ အောက်ကို နေရာရွှေ့ပြောင်းပေးလိုက်တယ်လို့ Meta က ပြောပါတယ်။ ပြောရေးဆိုခွင့်ရှိသူက “ မှားယွင်းတယ်လို့ သတ်မှတ်ထားတဲ့ Content တွေမှာ သတိပေးတဲ့ Label တွေ တပ်ပေးထားခြင်းဖြင့် လူတွေကို စဉ်းစားသုံးသပ်နိုင်တဲ့ သတင်းအချက်အလက်တွေ ပေးထားပါတယ်။ “ လို့ ပြောပါတယ်။
Meta ဟာ ယူကရိန်းနဲ့ ပတ်သက်တဲ့ အမုန်းစကားတွေနဲ့ သတင်းအမှားတွေကို ကိုင်တွယ်ဖို့ အထူး အဖွဲ့ ၁ ခုကို ဖွဲ့စည်းထားပါတယ်။
Ref : businessinsider