Meta ဟာ AI ကို အကြီးအကျယ် ဖန်တီးနေပြီး အခုတော့ AI လူတူစက်ရုပ်တွေကို ထုတ်လုပ်မယ်လို့သတင်းထွက်လာပါတယ်။ ကုမ္ပဏီ အတွင်းပိုင်းက ထွက်လာတဲ့ သတင်းအရ Meta ဟာ AI လူတူစက်ရုပ်တွေကို ထုတ်လုပ်ဖို့ Reality Labs ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ ဌာန အသစ် တစ်ခုကို တည်ထောင်လိုက်တယ်လို့ သိရပါတယ်။
Meta ဟာ Llama AI Model ကို အသုံးပြုကာ Consumer လူတူစက်ရုပ်တွေကို ဖန်တီးမှာ ဖြစ်ပါတယ်။ Meta ဟာ ကိုယ်ပိုင် လူတူစက်ရုပ် ဟာ့ဒ်ဝဲတွေကို ဖန်တီးမှာ ဖြစ်ပြီး တခြား Third-party စက်ရုပ် ကုမ္ပဏီတွေအတွက် AI , Sensor နဲ့ Software တွေကို ဖန်တီးမှာ ဖြစ်ပါတယ်။ Bloomberg က Meta ဟာ Unitree Robotics နဲ့ Figure AI တို့လို ကုမ္ပဏီတွေနဲ့ ဆွေးနွေးနေတယ်လို့ ပြောပါတယ်။
Meta ဟာ ရေရှည်မှာ လူတူစက်ရုပ်တွေ ဖန်တီးနေတဲ့ Tesla လို ကုမ္ပဏီတွေကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ Tesla CEO Elon Musk က သူ့ ကုမ္ပဏီရဲ့ လူတူစက်ရုပ် Optimus ဟာ နေ့စဉ် အလုပ်များစွာကို ပြုလုပ်ပေးနိုင်လာပြီ ဖြစ်ပြီး မကြာခင် ရောင်းချပေးမယ်လို့ ပြောပါတယ်။
Musk က Tesla ရဲ့ လူတူစက်ရုပ် လုပ်ငန်းဟာ လျှပ်စစ်ကား လုပ်ငန်းထက် ဝင်ငွေ ပိုကောင်းလာနိုင်မယ်လို့ ပြောထားပါတယ်။ လူတူစက်ရုပ် လုပ်ငန်းဟာ အနာဂတ်မှာ အရမ်းကို တိုးတက်လာမှာ ဖြစ်ပြီး Meta နဲ့ Tesla တို့ရဲ့ ပြိုင်ဆိုင်မှုကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Ref : interestingengineering