Microsoft ဟာ 2-in-1 Surface ကွန်ပျူတာသစ်ကို ပြီးခဲ့တဲ့ရက်က ကြေညာခဲ့ပါတယ်။ အများစုက မော်ဒယ်သစ်အဖြစ် Surface Pro 8 အနေနဲ့ ကြေညာမယ်လို့ မျှော်လင့်ထားပေမယ့် Microsoft ကတော့ Surface Pro 7 Plus လို့ ခေါ်တွင်ဖို့ပဲ ဆုံးဖြတ်ခဲ့တာကို တွေ့ရပါတယ်။

Pro 7 Plus ဆိုတာနဲ့ အရွယ်အစားပိုကြီးတဲ့ Surface ဖြစ်နိုင်တယ်လို့ တွေးကောင်းတွေးမိပါလိမ့်မယ်။ Surface Pro 7 Plus က အရွယ်အစားပိုကြီးတဲ့ မော်ဒယ်မဟုတ်ပေမယ့် သိသာထင်ရှားတဲ့အဆင့်မြှင့်တင်မှုတွေတော့ ပါဝင်လာပါတယ်။ ဒါကြောင့် Plus လို့ နာမည်ပေးထားပုံရပါတယ်။

Surface Pro 7 Plus ဟာ မူရင်း Pro 7 နဲ့ အတော်လေးကို ဆင်တူပါတယ်။ ဒါကြောင့် မျက်နှာပြင်အရွယ်အစားကလည်း 12.3-inch ဖြစ်ပြီး 2736 x 1824 resolution ပဲ ဖြစ်ပါတယ်။ Bezel တွေကလည်း အပါးဆုံးမဟုတ်သလို၊ USB C port နဲ့ USB A port လည်း တစ်ခုစီပဲ ပါဝင်ပါမယ်။ ပြီးတော့ Surface Connect port နဲ့ Audio jack တွေလည်း ပါဝင်ပါမယ်။

LTE ဗားရှင်းမှာတော့ nano-SIM tray ပါရှိမှာဖြစ်ပေမယ့် Wi-Fi ဗားရှင်းမှာတော့ MicroSD card reader ပါရှိမှာ ဖြစ်ပါတယ်။ Surface Pro 7 Plus မှာ အသုံးပြုထားတာက Intel 11th Gen processor ဖြစ်ပါတယ်။ Core i7, 32GB of RAM နဲ့ 1TB of SSD storage အထိ ရယူနိုင်ပါတယ်။ ဒါပေမယ့် Core i5 မော်ဒယ်မှာတော့ LTE တစ်မျိုးပဲ ရွေးချယ်စရာရှိပါတယ်။

Surface Pro 7 Plus ရဲ့ သိသာတဲ့အဆင့်မြှင့်တင်မှုဟာ ဖြုတ်နိုင်၊ တပ်နိုင်တဲ့ SSD လို့ ဆိုနိုင်ပါတယ်။ Microsoft ဟာ SSD ကို လွယ်လွယ်ကူကူ ဖြုတ်နိုင်၊ တပ်နိုင်ဖို့အတွက် အတွင်းပိုင်းကို ဒီဇိုင်းပြန်ဆွဲခဲ့တာလည်း ဖြစ်ပါတယ်။ ဘက်ထရီသက်တမ်းမှာလည်း ၁၀ နာရီသာသုံးနိုင်တဲ့ Surface Pro 7 နဲ့နှိုင်းယှဉ်ရင် တိုးတက်မှုရှိလာပြီး၊ 50.4Wh ဘက်ထရီကြောင့် ၁၅ နာရီအထိ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

Surface Pro 7 Plus ရဲ့ ပိုကြီးတဲ့ ဘက်ထရီအတွက် နေရာပိုရအောင် Thermal Design Module ကို အဆင့်မြှင့်တင်ခဲ့ရတယ်လို့ ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌ Robin Seiler က The Verge နဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။ Microsoft Surface Pro 7 Plus ဟာ ရုံးလုပ်ငန်းနဲ့ ကျောင်းသားတွေအတွက်ပဲ ပြုလုပ်ထားတာလို့ သိရပါတယ်။ Core-i3 processor, 8GB of RAM, 128GB of storage မော်ဒယ်ကို $899 (၁၂ သိန်းဝန်းကျင်) ကနေ စတင်ကျသင့်မှာဖြစ်ပြီး ဇန်နဝါရီလ ၁၅ ရက်နေ့မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။

Ref: Gizmochina