Reno4 စီးရီးဟာ ပြီးခဲ့တဲ့လက တရုတ်စျေးကွက်ထဲကို မိတ်ဆက်ခဲ့ပြီးနောက် ဂလိုဘယ်စျေးကွက်ကိုလည်း ခြေဆန့်ဖို့ ပြင်ဆင်နေပါပြီ။ ဒီထဲမှာ အရှေ့တောင်အာရှစျေးကွက်လည်း အပါအဝင်ဖြစ်ပြီး အစောဆုံး ဩဂုတ်လ ပထမလဝက်မှာ မြင်တွေ့ရမှာပါ။

Reno4 စီးရီးမှာ OPPO Reno4 နဲ့ Reno4 Pro မော်ဒယ်နှစ်မျိုးပါဝင်ပြီး နိုင်ငံတကာစျေးကွက်မှာ ရောင်းချမယ့် ဗားရှင်းဟာ တရုတ်ပြည်တွင်းမှာ မိတ်ဆက်ခဲ့တဲ့ စမတ်ဖုန်းနဲ့ ကွာခြားချက်တွေပါဝင်မယ်ဆိုတာကို Geekbench နဲ့ အခြား ဝက်ဆိုက်တွေက အတည်ပြုချက်တွေအရ သိထားပြီးသားဖြစ်ပါတယ်။

ဥပမာ – တရုတ်ပြည်တွင်းမှာ မိတ်ဆက်ခဲ့တဲ့ Reno4 နဲ့ Reno4 Pro တို့မှာ Snapdragon 765G ချစ်ပ်ဆက်ကို အသုံးပြုထားပေမယ့် နိုင်ငံတကာစျေးကွက်ကိုတော့ Snapdragon 720G နဲ့ရောင်းချလာမှာပါ။ ဒါ့အပြင် 5G ချိတ်ဆက်နိုင်စွမ်းကို ချန်ခဲ့မှာဖြစ်ပြီး 4G LTE ထောက်ပံ့မှုသာ ပါဝင်မှာဖြစ်ပါတယ်။

ဒါ့အပြင် OPPO Reno4 ရဲ့ နိုင်ငံတကာဗားရှင်းမှာ 65W SuperVOOC 2.0 အားသွင်းစနစ်အသစ်လည်း ပါလာမှာမဟုတ်ဘဲ 30W အားသွင်းစနစ်ထိ လျော့ချထားမှာပါ။ လောလောဆယ် ဒီလောက်ပဲသိရသေးပေမယ့် လာမယ့် ရက်သတ္တပတ်အတွင်းမှာ နိုင်ငံတကာဗားရှင်းအကြောင်း ပိုပြီး မြင်လာရမယ်လို့ ယူဆရပါတယ်။

Ref – PlayfulDroid