Poco X3 NFC ကို ၇ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ အဲဒီ စမတ်ဖုန်းရဲ့ Hands-on ဗီဒီယို ၁ ခု စပိန် ဝက်ဘ်ဆိုက် Tecvideos TV ကနေ ထွက်ပေါ်လာပါတယ်။ ဒါ့အပြင် နောက်ထပ် သတင်းအရင်းအမြစ် ၁ ခုကနေ အဲဒီ ဖုန်းရဲ့ ဈေးနှုန်းလည်း ပေါက်ကြားလာပါတယ်။

ဗီဒီယိုဟာ YouTube ကနေ ထွက်လာတာ ဖြစ်ပြီး သိပ်မကြာခင်မှာပဲ ဖျက်လိုက်ပေမယ့် အင်တာနက်ပေါ်ရောက်လာရင်တော့ အနည်းဆုံးတော့ Screenshots တွေ ကျန်ခဲ့ပါတယ်။ ဒီတစ်ခါတော့ Poco ဖုန်းဟာ Xiaomi ဖုန်းကို နာမည်ပြောင်းရောင်းချတာ မဟုတ်ဘဲ ဟန်းဆက် အသစ်အနေနဲ့ ထွက်လာမှာပါ။ အနောက်ကင်မရာ ၄ လုံးနဲ့ LED Flash ကို X ပုံစံ တပ်ဆင်ထားတာတွေ့ရပါတယ်။ ၂၂၅ ဒေါ်လာလောက်နဲ့ ထွက်လာနိုင်ပြီး မြန်မာငွေ ၃ သိန်းလောက် ကျသင့်နိုင်ပါတယ်။ စွမ်းရည် ပိုမြင့်တဲ့ မော်ဒယ်ကို ၂၆၅ ဒေါ်လာလောက်နဲ့ ရောင်းနိုင်ပြီး မြန်မာငွေ ၃ သိန်းခွဲလောက် ရှိနိုင်ပါတယ်။

ဗီဒီယိုမှာ Poco X3 ရဲ့ အဓိက Specs တွေနဲ့ လုပ်ဆောင်ချက် အလန်းတွေကို ဖော်ပြထားပါတယ်။ Chipset က Snapdragon 732G ဖြစ်ပြီး 6GB RAM နဲ့ 64GB Storage ပါလာမှာပါ။ ၆.၆၇ လက်မ LCD မျက်နှာပြင်၊ 20MP Punch Hole ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားမှာဖြစ်ပြီး ဘေးဘက် လက်ဗွေရာ ကိရိယာ ထောက်ပံ့ထားမှာပါ။

Full HD+ Resolution ထောက်ပံ့ထားမှာ ဖြစ်ပြီး 120Hz Refresh Rate ပါလာမှာပါ။ Gorilla Glass 5 နဲ့ ကာကွယ်ထားမှာ ဖြစ်ပါတယ်။ ဘက်ထရီက 5,100mAh ဖြစ်ပြီး Poco ဖုန်းတွေထဲမှာ ဘက်ထရီ အကြီးဆုံး ဖြစ်လာမှာပါ။ အနောက်ဘက်က ပင်မ ကင်မရာက 64MP ဖြစ်ပြီး 4K 30fps ဗီဒီယိုတွေ ရိုက်ကူးနိုင်မှာပါ။

Ref : gsmarena