nubia Red Magic 8 Pro ဟာ သိပ်မကြာခင် ရက်သတ္တပတ်အနည်းငယ်အတွင်း ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် Device နဲ့ပတ်သက်တဲ့ အသိအမှတ်ပြု လက်မှတ်တွေလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကပဲ 3C certificate တစ်ခု ထပ်ပြီးထွက်လာပါသေးတယ်။

ကုမ္ပဏီကတော့ Red Magic 8 Pro မှာ မကြာသေးခင်ကမှ Qualcomm က ထုတ်ဖော်ပြသခဲ့တဲ့ Snapdragon 8 Gen 2 Chipset ကို အသုံးပြုထားမယ်လို့ တရားဝင်ကြေညာပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ဒီဂိမ်းမင်းဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းကတော့ ဂိမ်းမာတွေမျှော်လင့်ထားသလို ခပ်ကြမ်းကြမ်းဖြစ်လာနိုင်ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့နောက်တစ်ချက်တော့ အခုမြင်တွေ့ရတဲ့ 3C certification မှာ Red Magic 8 Pro ဟာ 165W ကြိုးတပ်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားမယ်ဆိုတာပါပဲ။ 165W ဟာ သူ့ရှေ့ကမျိုးဆက်မှာပါလာမယ်လို့ သတင်းကြီးခဲ့ပေမဲ့ တကယ်တမ်းမှာတော့ Red Magic 7 Pro နဲ့ Red Magic 7S Pro တွေမှာ 135W ပဲ ထောက်ပံ့လာခဲ့တာ ဖြစ်ပါတယ်။

Red Magic 7 Pro နဲ့ 7S Pro တွေမှာတုန်းကတော့ 5,000mAh cells တွေကို ၁၅ မိနစ်အတွင်းမှာ 0 to 100% အားဖြည့်သွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် Red Magic 8 Pro မှာ တူညီတဲ့ Cell ကိုသုံးထားမယ်ဆိုရင် အားသွင်းချိန်က ပိုပြီးလျှော့နည်းသွားမယ်ဆိုတာ သေချာနေပါတယ်။

စိတ်မကောင်းစရာကတော့ 165W မြန်နှုန်းတွေဟာ တရုတ်ဈေးကွက်သီးသန့် Red Magic မော်ဒယ်တွေမှာပဲ ပါရှိပါလိမ့်မယ်။ ဒီနှစ်ထဲမှာ နိုင်ငံတကာဈေးကွက်အတွက်ကတော့ 65W မှာပဲ ကန့်သတ်ထားတာ ဖြစ်ပါတယ်။ Red Magic 8 Pro ဟာ Bluetooth 5.2 နဲ့ 5G ချိတ်ဆက်မှုတွေ ထောက်ပံ့ထားကြောင်းကိုလည်း ကနဦးထွက်ပေါ်ခဲ့တဲ့ Certification နှစ်ခုက ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

Ref: GSM Arena