Xiaomi က Redmi 13C ကို နိုင်ငံတကာမှာ မကြာခင် ကြေညာဖို့ ပြင်ဆင်နေပါတယ်။ အဲဒီဖုန်းကို မကြာခင်က Hands-on Video ၁ ခုမှာ တွေ့ခဲ့ရပါတယ်။ အခုတော့ Xiaomi က Redmi 13C ရဲ့ ဓါတ်ပုံတွေကို မျှဝေလိုက်တဲ့အတွက် ကြေညာဖို့ နီးလာပါပြီ။

Redmi 13C

Xiaomi က X (Twitter) မှာ “ Redmi 13C ကို မကြာခင်ကြေညာတော့မှာ ဖြစ်ပြီး အရောင်တွေ ပိုများလာပါတယ်။ စတိုင် အသစ် သုံးထားပြီး စွမ်းဆောင်ရည် ပိုကောင်းလာမှာပါ။ မျက်နှာပြင်က ပိုမို ကြီးမား ချောမွတ်လာပြီး ကင်မရာက ပိုမို တိကျလာကာ ရှင်းလင်းတဲ့ မြင်ကွင်းတွေကို ရစေမှာပါ။ “ လို့ ရေးသားထားပါတယ်။

Redmi 13C

ကုမ္ပဏီက ဖုန်းရဲ့ အရှေ့နဲ့ အနောက်ဘက် ဒီဇိုင်းကို ပြသထားပါတယ်။ အရှေ့ပိုင်းမှာ Chin က အနည်းငယ်ထူပြီး ကင်မရာအတွက် အရွယ်သေး Notch တပ်ဆင်ထားပါတယ်။ အနောက်ဘက် ဓါတ်ပုံတွေအရ အနက်၊ အပြာ၊ အစိမ်းနုနဲ့ အပြာနု အရောင်တွေ ထုတ်လုပ်ထားမှာပါ။

မကြာခင်က ပေါက်ကြားသတင်းအရ Redmi 13C မှာ 6.59” IPS Full HD+ မျက်နှာပြင်နဲ့ 90Hz Refresh Rate ပါလာမှာပါ။ အနောက်ဘက်ကို ပလတ်စတစ်နဲ့ တည်ဆောက်ထားပြီး တောက်ပြောင်တဲ့ဒီဇိုင်း ဖြစ်ပါတယ်။ အနောက်ဘက်မှာ 50MP Main , 8MP Ultrawide , 2MP Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး တပ်ဆင်ထားမှာပါ။

Helio G85 Processor , 8GB RAM နဲ့ 256GB Storage ပါလာမှာ ဖြစ်ပြီး Android 13 အခြေပြု MIUI OS ထည့်ထားမှာပါ။ 18W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာမှာပါ။ ဈေးနှုန်းကို မသိရသေးပေမယ့် တန်ဖိုးချိုသာမှာပါ။

Ref: gizmochina