Xiaomi က မကြာခင်က Redmi Note 14 Pro Series ကို ကြေညာခဲ့ပြီး Xiaomi က စွမ်းရည်အမြင့်ဆုံး Note 14 Pro+ ဟာ ၂၀၂၄ ခုနှစ်အတွင်း Android ဖုန်း အားလုံးထက် ပထမအပတ်ရောင်းအား စံချိန်တင်ကောင်းသွားတယ်လို့ ပြောပါတယ်။

Redmi Note 14 Pro+ sales

ကုမ္ပဏီက ရောင်းအားအသေးစိတ်ကို မပြောပေမယ့် အဲဒီဖုန်းဟာ စွမ်းရည်မြင့် Feature တွေပါတဲ့ တန်ဖိုးနည်း ဖုန်းလိုချင်သူတွေအကြားမှာ ရေပန်းစားနေပါတယ်။ Redmi Note Series ဟာ ပေးရတဲ့ဈေးထက် ပိုကောင်းတဲ့ Specs တွေ ထည့်သွင်းထားလေ့ရှိပြီး Note 14 Pro+ ဟာလည်း အဲဒီ အတိုင်း ဖြစ်ပါတယ်။

Note 14 Pro+ ဟာ အထင်ကြီးစရာကောင်းလောက်အောင် မာကျောကြံ့ခိုင်ပါတယ်။ Xiaomi က Note 14 Pro Series အတွက် IP66, IP68 နဲ့ IP69 ရေစိုခံစံနှုန်းတွေ ထည့်သွင်းပေးထားပါတယ်။ အဲဒီဖုန်းကို ရေအောက်ထဲမှာ အသုံးပြုနိုင်ပါတယ်။

Redmi Note 14 Pro နဲ့ Pro+ မှာ 6.67” AMOLED Curved Display တပ်ဆင်ထားပြီး 1.5K Resolution , 120Hz Refresh Rate , 3,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာမြှုပ်နှံထားပါတယ်။

Note 14 Pro+ ရဲ့ အနောက်ဘက်မှာ 50MP Main , 50MP Telephoto , 8MP Ultrawide ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ Note 14 Pro မှာ 50MP Main, 8MP Ultrawide နဲ့ 2MP ကင်မရာ ပါလာပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 20MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

Redmi Note 14 Pro နဲ့ Pro+ မှာ Snapdragon 7s Gen 3 နဲ့ Dimensity 7300 Ultra Processor အသီးသီး မောင်းနှင်ထားပါတယ်။ Note 14 Pro မှာ 12GB RAM နဲ့ Pro+ မှာ 16GB RAM နဲ့ 512GB Storage ပါပါတယ်။ Pro+ မှာ 6,200mAh Battery နဲ့ 90W Charging ၊ Pro မှာ 5,500mAh Battery နဲ့ 45W Charging ထည့်ထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ Android 14 အခြေပြု HyperOS မောင်းနှင်ထားပါတယ်။

ဖုန်း ၂ လုံးစလုံးအတွက် Midnight Black နဲ့ Mirror Porcelain White အရောင်ထုတ်လုပ်ထားပြီး Pro အတွက် Phantom Blue နဲ့ Twilight Purple အရောင် အပိုပါလာပါတယ်။ Pro+ အတွက် Sandstar Green အရောင် အပိုပါလာပါတယ်။

တန်ဖိုးအနည်းဆုံး Note 14 Pro 8/128GB ကို ၁၉၉ ဒေါ်လာ နဲ့ Pro+ 8/128GB ကို ၂၇၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gizmochina