စင်ကာပူနိုင်ငံရဲ့ လစ်တဲလ်အင်ဒီးယား မြေအောက်ရထားဘူတာရုံမှာ ခရီးသည်တွေကို လမ်းညွှန်ပေးဖို့ Olly လို့ အမည်ရတဲ့ စိတ်ဝင်စားစရာ လူတူစက်ရုပ်တစ်ရုပ်ကို စတင်စမ်းသပ်နေပါတယ်။
လာမယ့် ဩဂုတ်လ ၃၁ ရက်နေ့ကနေ စက်တင်ဘာလ ၁၁ ရက်နေ့အထိ ရုံးဖွင့်ရက်တွေမှာ မနက် ၁၀ နာရီကနေ ၁၂ နာရီအထိ အဲဒီစက်ရုပ်က ခရီးသည်တွေကို အချက်အလက်တွေ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (LTA) က အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ဉာဏ်ရည်တု (AI) နည်းပညာတွေကို ဘယ်လိုအသုံးချနိုင်မလဲဆိုတာ လေ့လာဖို့ အခုလို ခြေလှမ်းသစ် စတင်လိုက်တာပါ။
စမ်းသပ်နေချိန်မှာ စက်ရုပ်ကို သူ့ချည်းသက်သက် လွှတ်မထားဘဲ တာဝန်ရှိသူတွေက အနီးကပ် လိုက်ပါစောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ လစ်တဲလ်အင်ဒီးယား ဘူတာရုံရဲ့ တည်ဆောက်ပုံက ရှင်းလင်းလွယ်ကူတဲ့အပြင် LTA ရုံးနဲ့လည်း နီးတဲ့အတွက် အခုလို စမ်းသပ်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ အဲဒီစက်ရုပ်ဟာ ဘူတာရုံပတ်ဝန်းကျင်ကို ရင်းနှီးကျွမ်းဝင်အောင် မှတ်တမ်းတင်တဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေပါတယ်။
အနာဂတ် နောက်လာမယ့် ၁၀ နှစ် ကနေ ၁၅ နှစ်အတွင်းမှာ လူတူစက်ရုပ်တွေဟာ ဘူတာရုံကင်းလှည့်တာနဲ့ ခရီးသည်တွေရဲ့ ရိုးရှင်းတဲ့ မေးခွန်းတွေကို ဖြေကြားပေးတာမျိုးစတဲ့ ပုံမှန်လုပ်ငန်းစဉ်တွေကို ကိုယ်စား ဝင်ရောက်လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ LTA က ယုံကြည်ထားပါတယ်။
Ref: straitstimes