Samsung ဟာ လက်ရှိအချိန်မှာ Foldable ဖုန်းတွေအတွက် Display အပြင် စမတ်ဖုန်းတွေရဲ့ Display တွေကို အများဆုံးထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အခုနှစ်အတွင်းမှာ Samsung ကနေ Laptop တွေအတွက် OLED Display တွေကိုပါ ထောက်ပံ့ပေးနေပြီးတော့ နောက်လာမယ့် ၂၀၂၃ ခုနှစ်မှာလည်း နည်းပညာအသစ်တွေကို ချပြသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

ဒါကတော့ Samsung ကနေ လာမယ့် ၂၀၂၃ ခုနှစ်အတွင်းမှာ Laptop တွေအတွက် Foldable Display တွေကို ထုတ်လုပ်ပေးသွားတော့မှာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ASUS နဲ့ Lenovo အပါအဝင် တချို့သော ကွန်ပျူတာကုမ္ပဏီတွေက Foldable Laptop တွေကို မိတ်ဆက်ထားပြီးဖြစ်ပေမယ့် BOE လိုမျိုး ကုမ္ပဏီတွေကနေပဲ Display တွေကို ဝယ်ယူအသုံးပြုနေရတာဖြစ်ပါတယ်။

Samsung ကနေ ၂၀၂၃ ခုနှစ်မှာ ထုတ်လုပ်ဖို့ရှိတဲ့ Laptop တွေအတွက် Foldable Display ကတော့ 17.3-inch Screen Size ရှိမယ်လို့ သိရပါတယ်။ Samsung လိုမျိုးပဲ LG ကနေလည်း Laptop တွေအတွက် Foldable Display ကို ထုတ်လုပ်ဖို့အစီအစဥ်ရှိနေပြီး HP က ဝယ်ယူအသုံးပြုသွားမယ်လို့ သိရပါတယ်။

လောလောဆယ်မှာ ASUS ကနေ Zenbook 17 Fold အမည်ရတဲ့ Foldable Laptop ကို မိတ်ဆက်ထားပြီး BOE Display ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါကြောင့် Samsung သာ Laptop တွေအတွက် Foldable Display ကို ထုတ်လုပ်လာပြီဆိုရင် ASUS အပါအဝင် တခြားသော ကွန်ပျူတာကုမ္ပဏီတွေကပါ Foldable Laptop တွေကို ထုတ်လုပ်လာဖွယ်ရှိပါတယ်။ Apple ကလည်း နောက်ပိုင်းမှာ Foldable Display ပါဝင်တဲ့ MacBook ကို မိတ်ဆက်လာနိုင်တယ်လို့ သတင်းတွေထွက်ရှိထားတာကြောင့် နောက်ပိုင်း Laptop စျေးကွက် စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဒါပေမယ့် အခုလိုမျိုး Foldable Laptop တွေရဲ့ အားနည်းချက်က Foldable Phone တွေလိုမျိုးပဲ သာမန်ထက် စျေးများနေတာဖြစ်ပါတယ်။ ASUS Zenbook Fold 17 Laptop ဆိုရင်လည်း အနည်းဆုံး ဒေါ်လာ ၃,၅၀၀ ကနေစတင်ရောင်းချတဲ့အတွက် မြန်မာငွေ သိန်း ၁၀၀ ဝန်းကျင်အထိ ပေးပြီး ဝယ်ယူရမှာဖြစ်ပါတယ်။

Ref – Gizmo China