တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့က သိပ္ပံပညာရှင်တွေဟာ နှလုံးရဲ့ သဘာဝအတိုင်း အလိုအလျောက် ခုန်နှုန်းကို ထိန်းညှိပေးတဲ့ “Sinoatrial Node” ခေါ် နှလုံးခုန်နှုန်းထိန်းခလုတ်နေရာကို ဓာတ်ခွဲခန်းထဲမှာ ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ ဖန်တီးလိုက်နိုင်ပါတယ်။

သူတို့ဟာ လူသားတွေရဲ့ ပင်မဆဲလ် (Stem Cells) တွေကို အသုံးပြုပြီး အလိုအလျောက် တဒုတ်ဒုတ် ခုန်နိုင်ရုံတင်မကဘဲ စစ်မှန်တဲ့ နှလုံးသားတစ်ခုလိုမျိုး စည်းချက်ကျကျ လျှပ်စစ်လှိုင်းအချက်ပြမှုတွေကို ထုတ်လွှတ်ပေးနိုင်တဲ့ 3D “ဇီဝနှလုံးခုန်နှုန်းထိန်းစနစ်” (Biological Pacemaker) အသေးစားလေးကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

Chinese scientists grow heart's 'master conductor' that could replace pacemaker | South China Morning Post

အဆိုပါ အစိတ်အပိုင်းဟာ နှလုံးတစ်ပြင်လုံးရဲ့ ခုန်နှုန်းကို ပင်မကနေ စီမံခန့်ခွဲပေးတဲ့ “အဓိကမောင်းနှင်အား” လိုမျိုး လုပ်ဆောင်ပေးတာဖြစ်ပြီး နှလုံးအခန်းတွေ စည်းချက်ကျကျ ညှစ်ထုတ်နိုင်ဖို့ လျှပ်စစ်အချက်ပြမှုတွေကို ပို့လွှတ်ပေးပါတယ်။

အကယ်၍ အဲဒီအချက်ပြစနစ်သာ ပျက်စီးသွားရင် နှလုံးခုန်နှုန်းဟာ အန္တရာယ်ရှိတဲ့အဆင့်အထိ နှေးကွေးသွားတာ ဒါမှမဟုတ် လုံးဝရပ်တန့်သွားတာမျိုး ဖြစ်တတ်ပါတယ်။ အခု တီထွင်မှုမှာ ပိုမိုအသက်ဝင်စေဖို့အတွက် သုတေသီတွေဟာ လူသားတွေရဲ့ အာရုံကြောစနစ်က နှလုံးကို ဘယ်လိုထိန်းချုပ်သလဲဆိုတာကို တုပထားတဲ့ အာရုံကြောကွန်ရက်အတုနဲ့ပါ ချိတ်ဆက်ပြသခဲ့တာ ဖြစ်ပါတယ်။

China's lab-grown heart organoid could offer alternative to pacemakers

ဒီလို ထူးခြားတဲ့ အောင်မြင်မှုကြောင့် သိပ္ပံပညာရှင်တွေအနေနဲ့ နှလုံးခုန်နှုန်းမမှန်တဲ့ ရောဂါဝေဒနာတွေကို ပိုမိုနားလည်လာစေမှာဖြစ်ပြီး ဆေးဝါးအသစ်တွေကို စမ်းသပ်စစ်ဆေးရာမှာလည်း ပိုပြီး ထိရောက်လာစေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အနာဂတ်တစ်နေ့မှာ လူနာတွေရဲ့ ကိုယ်ခန္ဓာထဲကို အီလက်ထရောနစ် စက်ပစ္စည်းတွေ ထည့်သွင်းရမယ့်အစား ဇီဝဗေဒဆိုင်ရာ နည်းလမ်းတွေနဲ့ အစားထိုးကုသနိုင်ဖို့ လမ်းစပွင့်သွားခဲ့ပါပြီ။

လောလောဆယ်မှာတော့ ဒါဟာ သုတေသနအဆင့်မှာပဲ ရှိသေးပေမယ့် နှလုံးအင်ဂျင်နီယာပညာရပ် နယ်ပယ်အတွက်တော့ အလွန်ကြီးမားတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်ပါတယ်။

Ref: Technology Innovation