ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ် (Elon Musk) ရဲ့ နည်းပညာအင်ပါယာကြီးတစ်ခုဖြစ်တဲ့ SpaceX ကုမ္ပဏီဟာ အမေရိကန်စတော့ဈေးကွက်မှာ ရှယ်ယာတွေတရားဝင်ထုတ်ရောင်းဖို့ (IPO) လျှောက်ထားလိုက်ပြီး ဝေါစထရိ (Wall Street) သမိုင်းမှာ အကြီးမားဆုံး ရှယ်ယာရောင်းချမှုကြီး ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ လာမယ့်လမှာ SPCX ဆိုတဲ့ သင်္ကေတနဲ့ စတင်မယ့် ဒီခြေလှမ်းကြောင့် ကုမ္ပဏီရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁.၂၅ ထရီလီယံအထိ ရှိလာနိုင်ပါတယ်။ ဒါဟာ အီလွန်မတ်စ်ရဲ့ တစ်ကိုယ်ရေပိုင်ဆိုင်မှုကို ဒေါ်လာ ၁ ထရီလီယံ (ဘီလီယံ ၁,၀၀၀) ကျော်အထိ တွန်းပို့ပေးမှာဖြစ်လို့ သူဟာ ကမ္ဘာ့သမိုင်းမှာ ပထမဆုံးသော “ထရီလီယံနာ” အဖြစ် မှတ်တမ်းဝင်တော့မှာ ဖြစ်ပါတယ်။

Getty Images Elon Musk wearing a black suit, white shirt, and black tie looking into the distance

အခုလို ရှယ်ယာရောင်းချဖို့ ပြင်ဆင်လာမှုနဲ့အတူ SpaceX ရဲ့ ဘဏ္ဍာရေးစာရင်းဇယား အမှန်တွေကိုလည်း ပထမဆုံးအကြိမ် ချပြခဲ့ရာမှာ ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၄.၉ ဘီလီယံ၊ ဒီနှစ်ပထမ ၃ လပတ်မှာတင် ဒေါ်လာ ၄.၃ ဘီလီယံ ထပ်မံအရှုံးပေါ်ထားတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း စီးပွားရေးကျွမ်းကျင်သူတွေကတော့ စတားလင့်ခ် (Starlink) ဂြိုဟ်တုအင်တာနက်နဲ့ ဒုံးပျံလုပ်ငန်းတွေလို အနာဂတ်မျှော်မှန်းချက်ကြီးမားတဲ့ လုပ်ငန်းကြီးတွေအတွက် ဒါဟာ ဆန်းပြားတဲ့အရှုံးမျိုးမဟုတ်ဘဲ ရင်ခုန်စရာကောင်းတဲ့ အလားအလာရှိတယ်လို့ သုံးသပ်ကြပါတယ်။ ထူးခြားချက်အနေနဲ့ မကြာသေးခင်ကမှ SpaceX လက်အောက်ကို ရောက်ရှိသွားတဲ့ အီလွန်မတ်စ်ရဲ့ xAI နည်းပညာအဖွဲ့ဟာ ပြိုင်ဘက် Anthropic ကုမ္ပဏီဆီကနေ ဒေတာစင်တာအသုံးပြုခအဖြစ် တစ်နှစ်ကို ဒေါ်လာ ၁၅ ဘီလီယံ ရရှိမယ့် စာချုပ်ကြီးကိုလည်း ချုပ်ဆိုနိုင်ခဲ့ပါတယ်။

SpaceX files for IPO that could make Elon Musk first trillionaire – WFTV

အလားအလာကောင်းတွေ ရှိနေပေမယ့်လည်း တစ်ဖက်မှာတော့ အီလွန်မတ်စ်အတွက် ခေါင်းခဲစရာ တရားစွဲဆိုမှု အခက်အခဲတွေ ဝင်ရောက်လို့နေပါတယ်။ xAI ရဲ့ Grok Chatbot ကို အသုံးပြုပြီး အမျိုးသမီးတွေရဲ့ ကိုယ်လုံးတီးပုံရိပ်တု (Deepfakes) တွေ ဖန်တီးခဲ့မှုကြောင့် တရားစွဲခံထားရခြင်း၊ သီချင်းမူပိုင်ခွင့် ချိုးဖောက်ခြင်းနဲ့ အီးယူ (EU) ရဲ့ စည်းမျဉ်းတွေကို မလိုက်နာခြင်း စတဲ့ အမှုပေါင်းစုံအတွက် ဒေါ်လာသန်း ရာနဲ့ချီ ကုန်ကျမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် OpenAI ရဲ့ အကြီးအကဲ ဆမ်အော့တ်မန်း (Sam Altman) ကို တရားစွဲခဲ့တဲ့အမှုမှာလည်း အီလွန်မတ်စ် ရှုံးနိမ့်ခဲ့ရပြီး၊ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး အားနည်းမှုတွေကြောင့်ပါ ဝေဖန်မှုတွေ ဆက်တိုက်မြင့်တက်နေပါတယ်။

Ref : bbc