SpaceX ရဲ့ ဂြိုလ်တု အင်တာနက် Starlink ကို လေကြောင်းလိုင်း တချို့မှာ အသုံးပြုနိုင်တော့မှာပါ။ အဲဒီ ဝန်ဆောင်မှုကို Starlink Aviation လို့ အမည်ပေးထားပြီ နောက်နှစ်မှာ ဝန်ဆောင်မှု ပေးမယ်လို့ ကုမ္ပဏီက ကြေညာလိုက်ပါတယ်။ လေယာဉ်မှာ Aero Terminal တပ်ဆင်ထားမှာ ဖြစ်ပြီး  အဲဒီ ဝန်ဆောင်မှုဟာ လေယာဉ် ၁ စီးကို အင်တာနက် အမြန်နှုန်း 350Mbps အထိ ရရှိမှာပါ။ အဲဒီ အမြန်နှုန်းဟာ Video Call , Online Gaming နဲ့ တခြား ဒေတာစားတဲ့ အလုပ်တွေကို ပြုလုပ်ဖို့အတွက် လုံလောက်ပါတယ်။

A plane equipped with Starlink’s Aero Terminal.

လက်ရှိ လေယာဉ်တွေမှာ သုံးနေတဲ့ ဝိုင်ဖိုင်တွေရဲ့ အမြန်နှုန်းထက် Starlink Aviation က အများကြီး ပိုမြန်သွားမှာပါ။ လက်ရှိ လေယာဉ်တွေမှာ သုံးနေတဲ့ ဝိုင်ဖိုင်တွေဟာ မြေပြင် Station တွေကို အသုံးပြုထားတာ ဖြစ်ပြီး အမြန်နှုန်းက လေယာဉ် ၁ စီးကို 10Mbps ပဲ ရှိသလို ကုန်းမြေပေါ်မှာ ပျံသန်းမှသာ သုံးနိုင်ပါတယ်။ လက်ရှိ ဂြိုလ်တု အင်တာနက် စနစ်တွေက 30Mbps နဲ့ 100Mbps အတွင်းပဲ ရပါတယ်။ ဒီ အမြန်နှုန်းဟာ လေယာဉ် ၁ စီးအတွက် ဖြစ်ပြီး တကယ့် အမြန်နှုန်းက သုံးစွဲသူ အရေအတွက် အပေါ် မူတည်ပါသေးတယ်။

SpaceX ရဲ့ Website မှာ ကုမ္ပဏီရဲ့  လေယာဉ်တွေအတွက် အင်တာနက် ဆက်သွယ်မှုကို ကုန်းမြေပေါ်မှာရော ပင်လယ်ပြင်ပေါ် ပျံသန်းတဲ့အခါ အသုံးပြုနိုင်ပြီး Latency က 20ms ပဲရှိတယ်လို့ ဖော်ပြထားပါတယ်။ Starlink ဂြိုလ်တုတွေဟာ ကမ္ဘာပတ်လမ်းကြောင်း အနိမ့်ပိုင်းမှာ ရှိတဲ့အတွက် တစ်ကမ္ဘာလုံး လိုင်းမိပြီး Aero Terminal တွေကို ၂၀၂၃ ခုနှစ်လယ်မှာ ရောင်းမှာပါ။

မကြာခင်က စမ်းသပ်မှု အရ Starlink Aviation ဟာ ပျံသန်းနေတဲ့ လေယာဉ်မှာ အမြန်နှုန်း 100Mbps ကို ပံ့ပိုးပေးနိုင်ပါတယ်။ Burbank နဲ့ San Jose အကြား ပျံသန်းတဲ့ JSX ရဲ့ လေယာဉ်မှာ စမ်းသပ်ခဲ့တာ ဖြစ်ပြီး JSX ဟာ Starlink Aviation ကို အစောဆုံး သုံးတဲ့ လေကြောင်းလိုင်းတွေထဲက ၁ ခု ဖြစ်မယ်လို့ ဧပြီလတုန်းက ကြေညာခဲ့ပါတယ်။ Hawaiian လေကြောင်းလိုင်းကလည်း ဧပြီလက Starlink နဲ့ သဘောတူညီမှုရခဲ့ပြီး နောက်နှစ်မှာ စတင် တပ်ဆင်မှာပါ။

Ref : theverge