Microsoft ကနေ ပြီးခဲ့တဲ့ နှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Surface Duo ဖုန်းဟာ Microsoft ရဲ့ ပထမဆုံးသော Foldable ဖုန်းတစ်လုံးဖြစ်ပါတယ်။ အဆိုပါ Microsoft Surface Duo ဖုန်းဟာ Foldable ဖုန်းဖြစ်ပေမယ့် Display တစ်ခုထဲကို ခေါက်ချိုးထားတာမဟုတ်ဘဲ Display ၂ ခုကို ဘေးချင်းယှဥ်ထားတာဖြစ်ပါတယ်။

ဒီလိုမျိုး ပထမဆုံး Foldable ဖုန်းကို မိတ်ဆက်ခဲ့ပေမယ့် Microsoft ရဲ့ Surface Duo ဟာ အောင်မြင်မှုရရှိခဲ့ခြင်းမရှိဘဲ Hardware ပိုင်း Generation နိမ့်တဲ့အပြင် Software ပိုင်းပြဿနာတွေကြောင့် ဝယ်ယူသူနည်းပါးခဲ့ပါတယ်။ အဲ့ဒီအတွက် Microsoft အနေနဲ့ ပြီးခဲ့တဲ့လပိုင်းတုန်းက Surface Duo ရဲ့ စျေးနှုန်းကို ထက်ဝက်အထိ လျော့ချပြီးရောင်းချခဲ့တာဖြစ်ပါတယ်။

အခုလည်း Microsoft ကနေ Surface Duo အသစ်ကို မိတ်ဆက်ဖို့ ပြုလုပ်နေပြီးတော့ MySmartPrice Website ကနေ Specification အချို့ကို ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ပါတယ်။ အခုသတင်းအရ Microsoft Surface Duo 2 ဟာ Qualcomm Snapdragon 888 Chipset နဲ့ RAM 8GB ပါဝင်မှာဖြစ်ပါတယ်။ ဒါက ပထမဆုံး Surface Duo မှာအသုံးပြုထားတဲ့ Qualcomm Snapdragon 855 Chipset နဲ့ RAM 6GB ထက် အများကြီးပိုကောင်းမွန်လာမှာဖြစ်ပါတယ်။

လောလောဆယ်မှာ Microsoft Surface Duo 2 လို့ ယူဆရတဲ့ ဓါတ်ပုံအချို့လည်း ထွက်ရှိထားပြီး ယခင် Surface Duo Design ကိုမှ Triple Camera Setup အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ဓါတ်ပုံတွေဟာ Prototype Design တွေဖြစ်လာနိုင်ပြီး တကယ်မိတ်ဆက်တဲ့အချိန်မှာတော့ ပြောင်းလဲထားဖွယ်ရှိနေပါတယ်။

Microsoft ဟာ ပုံမှန်အားဖြင့် Surface Device အသစ်တွေကို နှစ်ကုန်ပိုင်း၊ အောက်တိုဘာလကုန် နိုဝင်ဘာလအတွင်းမှာ မိတ်ဆက်လေ့ရှိတာကြောင့် ယခုနှစ်မှာ Surface Duo 2 ကို မြင်တွေ့ရဖို့ကတော့ ကျိန်းသေသလောက်ဖြစ်နေပါပြီ။

Ref – Windows Central