DeepSeek AI ဟာ ဒေတာတွေကို တရုတ် အစိုးရအတွက် ခိုးယူနိုင်တဲ့အတွက် နိုင်ငံများစွာက စိုးရိမ်နေကြပါတယ်။ အမေရိကန် စစ်တပ်နဲ့ နာဆာက အဲဒီ App ကို ဘန်းထားပါတယ်။

အခုတော့ တက္ကဆပ်ဟာ DeepSeek ကို ဘန်းတဲ့ ပထမဆုံး အမေရိကန် ပြည်နယ် ဖြစ်လာပါတယ်။ တက္ကဆပ် အုပ်ချုပ်ရေးမှူး Greg Abbott က အစိုးရက ထုတ်ပေးထားတဲ့ Device အားလုံးမှာ DeepSeek အသုံးပြုမှုကို တားမြစ်တဲ့ အမိန့်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။
သူက “ အမေရိကန်ရဲ့ အရေးကြီး ဒေတာတွေကို တရုတ် ကွန်မြူနစ်ပါတီက ရယူသွားနိုင်ပါတယ်။ အရေးကြီး သတင်းအချက်အလက်တွေကို ကိုင်တွယ်နေရတဲ့ ပြည်နယ်ရဲ့ အေဂျင်စီတွေနဲ့ ဝန်ထမ်းတွေကို တရုတ် အစိုးရရဲ့ ရန်ကနေ ကာကွယ်ရမှာ ဖြစ်ပါတယ်။ ပြည်နယ်ရဲ့ အရေးကြီး ဒေတာတွေကို တရုတ် ကွန်မြူနစ်ပါတီက AI နဲ့ လူမှုကွန်ရက် App တွေကနေ ရယူသွားနိုင်ပါတယ်။” လို့ ပြောပါတယ်။
![]()
တက္ကဆပ်ဟာ DeepSeek အပြင် RedNote နဲ့ TikTok ရဲ့ မိခင် ကုမ္ပဏီ ByteDance အပါအဝင် တရုတ် လူမှုကွန်ရက်များစွာကိုလည်း ဘန်းလိုက်ပါတယ်။
အခုဆိုရင် DeepSeek ကို ဘန်းတဲ့ နိုင်ငံတွေ များလာပါပြီ။ အီတလီ၊ ထိုင်ဝမ်နဲ့ ဩစတြေးလျတို့ကလည်း အဲဒီ App ကို ဘန်းထားပါတယ်။
Ref: nypost