ပြီးခဲ့တဲ့နှစ်ကတည်းက ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ Trump Mobile T1 Phone ဟာ ဇွန်လတုန်းက ဒေါ်လာ ၄၉၉ နဲ့ စတင်ရောင်းချခဲ့ပေမယ့် အခုတော့ ဘယ်သူမှမသိအောင် ဈေးနှုန်းကို ဒေါ်လာ ၇၄၉ အထိ အကြီးအကျယ် မြှင့်တင်လိုက်ပါတယ်။ မူလဈေးထက် ၅၀ ရာခိုင်နှုန်းတောင် ပိုများသွားတဲ့အတွက် အတော်လေးကို အံ့အားသင့်စရာကောင်းနေပါတယ်။

ပိုပြီး စိတ်ဝင်စားစရာကောင်းတာက အဲဒီဖုန်းဟာ အသစ်တီထွင်ထားတာမဟုတ်ဘဲ ၂၀၂၄ ခုနှစ်ထုတ် HTC ဖုန်း ကို ရွှေရောင်ဆေးသုတ်ပြီး Trump တံဆိပ် ကပ်ထားရုံသက်သက် ဖြစ်နေတာပါပဲ။ ဒီလိုဖုန်းမျိုးကို ဒီလောက် ဈေးကြီးပေးဝယ်ဖို့ဆိုတာ Trump ကို အသေအလဲ အားပေးတဲ့ ပရိသတ်တွေကလွဲရင် တခြားသူတွေအတွက်တော့ စဉ်းစားစရာပါပဲ။ တကယ်တော့ အခုပေါက်ဈေးနဲ့ဆိုရင် ဈေးကွက်ထဲမှာ ဒီထက် အများကြီးသာတဲ့ ဖုန်းတွေကို စိတ်ကြိုက် ရွေးချယ်နိုင်နေပြီ ဖြစ်ပါတယ်။

ဖုန်းရဲ့ ပါဝင်ဖွဲ့စည်းမှုတွေကို ကြည့်မယ်ဆိုရင် ၆.၇၈ လက်မရှိတဲ့ AMOLED မျက်နှာပြင်၊ Snapdragon 7 Gen 3 ချစ်ပ် နဲ့ 512GB Storage တို့ ပါဝင်ပါတယ်။ ဓာတ်ပုံဝါသနာရှင်တွေအတွက် 50MP ပင်မကင်မရာ အပါအဝင် ကျောဘက်ကင်မရာ ၃ လုံးနဲ့ ရှေ့ဘက် 50MP ဆဲလ်ဖီးကင်မရာတို့ တပ်ဆင်ပေးထားပြီး ဘက်ထရီအတွက် 5,000 mAh ကို အသုံးပြုထားပါတယ်။ Android 15 စနစ်နဲ့ အလုပ်လုပ်မယ်ဆိုပေမယ့် ဆော့ဖ်ဝဲလ် အဆင့်မြှင့်တင်ပေးမယ့်ကိစ္စကို ဘာမှ တရားဝင် ကြေညာထားတာ မရှိတဲ့အတွက် နောက်ပိုင်းမှာ Update ရဖို့ကတော့ လုံးဝ ရေရာမှု မရှိပါဘူး။
Ref : gsmarena