ဖိလစ်ပိုင်ရဲ့ ထိပ်တန်း Dota 2 အသင်းတစ်သင်းဖြစ်တဲ့ Team Adroit ဟာ အသင်းရဲ့ သက်တမ်းရှည်ကစားသမား တစ်ဦးဖြစ်တဲ့ Bok ကို အသင်းကနေ ထုတ်ပယ်လိုက်ပြီး IPT Gaming အသင်းက “Bensoy” ကိုအစားထိုး ခေါ်ယူလိုက်ပါတယ်။ Bensoy ဟာ ပြီးခဲ့တဲ့ BTS Pro Series S2: SEA ပွဲမှာလည်း အစားထိုး Stand-in အဖြစ် ဝင်ရောက်ကစားခဲ့ဖူးပါတယ်။
Bok ဟာ ၂၀၁၉ ခုနှစ်မှာ Team Adroit လူသိများစပြုလာချိန်ထဲက အသင်းမှာ Offlaner အဖြစ် ဆော့ကစားနေခဲ့တာပါ။ Team Adroit နဲ့အတူ WeSave! Charity Play – SEA အပါအဝင် ပြိုင်ပွဲငယ်အချို့ကို အနိုင်ရခဲ့ဖူးပြီး ဒေသတွင်း အသင်းကြီးတွေကို ကျော်ဖြတ်ကာ ESL One LA (ကိုဗစ်ကြောင့်ရွှေ့ဆိုင်းရ) အပါအဝင် မေဂျာပြိုင်ပွဲများစွာကိုလည်း လက်ရည်စစ်ပွဲအောင်မြင်ခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၉ ခုနှစ်က ကျင်းပခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ ဖိလစ်ပိုင်ကိုယ်စားပြု Dota 2 Esports အားကစားသမားအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံအတွက် ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့ရာမှာ ပါဝင်ခဲ့ပါတယ်။ Bok ပါဝင်တဲ့ လိုင်းအပ်နဲ့ Adroit ဟာ စုစုပေါင်း ဒေါ်လာ ၁၅၁,၃၇၃ ရရှိခဲ့ပြီး လွန်ခဲ့တဲ့နှစ်ပိုင်းထဲမှာ ဖိလစ်ပိုင် Esports သမိုင်းတလျှောက် ဝင်ငွေအများဆုံးစာရင်းထဲ တစ်သင်း အပါအဝင်ဖြစ်ပါတယ်။
Bok ဟာ ရွေးချယ်စရာများပြားလှတဲ့ ဖိလစ်ပိုင် Dota 2 မြင်ကွင်းထဲမှာ ဘယ်အသင်းကို ရွေးချယ်မလဲ ဆိုတာတော့ မထုတ်ပြန်ရသေးပါဘူး။ သူ့နေရာကို အစားထိုးဝင်လာတဲ့ Bensoy ကတော့ အောင်မြင်မှု ကြီးကြီးမားမား မယူပြရသေးတဲ့ မျက်နှာသစ်ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိယှဉ်ပြိုင်နေတဲ့ Huya World Esports Elite ပြိုင်ပွဲမှာ သူ့လက်စွမ်းကို စတင်ရှုစားရမှာဖြစ်ပါတယ်။
တစ်ချိန်ထဲမှာပဲ အခုတလော SEA Dota 2 မြင်ကွင်းမှာ လှုပ်ရှားမှုများသလို မြန်မာအသင်းတွေနဲ့လည်း မကြာခဏ ဆုံတွေ့နေရတဲ့ Neon Esports အသင်းဟာလည်း Offlaner ပဲဖြစ်တဲ့ Rappy ကို လက်လွှတ်လိုက်ပြီး ဝါရင့်ကစားသမား Sam_H နဲ့အစားထိုးခဲ့ပါတယ်။ Sam_H ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းမှာ ငြိမ်သက်နေခဲ့ပေမယ့် တချိန်က TNC အသင်း အောင်မြင်မှုတွေမှာ အဓိက နေရာကနေ ပါဝင်ခဲ့တဲ့ Offlane ကစားသမားတစ်ဦးပါ။
Ref – AFKGaming