အမေရိကန် သမ္မတ ထရမ့်ဟာ ကိုဗစ် ၁၉ ကူးစက်ခံရတယ်လို့ ကြေညာအပြီး ၂၄ နာရီအတွင်း တွစ်တာမှာ ပွက်လောရိုက်ကုန်ကြပါတယ်။ ထရမ့်ကို မလိုလားတဲ့ သူတွေက ကိုဗစ်နဲ့ သေပါစေဆိုပြီး ဒဲ့တစ်မျိုး၊ သွယ်ဝိုက်ကာ တစ်မျိုး ရေးသားနေကြပါတယ်။
tweets that wish or hope for death, serious bodily harm or fatal disease against *anyone* are not allowed and will need to be removed. this does not automatically mean suspension. https://t.co/lQ8wWGL2y0 https://t.co/P2vGfUeUQf
— Twitter Comms (@TwitterComms) October 2, 2020
အခုတော့ တွစ်တာက တစ်စုံတစ်ယောက်ကို သေပါစေလို့ ဆုတောင်းတဲ့ ပို့စ်တွေကို ခွင့်မပြုတဲ့ စည်းကမ်း ထုတ်ပြန်ထားတာ ဖြစ်ပြီး အဲဒီ ပို့စ်တွေကို ဖယ်ရှားမယ်လို့ သတိပေးလိုက်ပါတယ်။ အဲဒီ ပို့စ်တင်တဲ့ သူတွေရဲ့ အကောင့်တွေကိုတော့ ပိတ်ပစ်မှာ မဟုတ်ဘူးလို့ တွစ်တာက အတည်ပြုလိုက်ပါတယ်။ တချို့ သတင်းမီဒီယာတွေက အကောင့်တွေကိုပါ ပိတ်ပစ်မယ်လို့ မှားယွင်းရေးသားနေကြတာကို တွစ်တာက ဖြေရှင်းပေးလိုက်ပါတယ်။
ထရမ့်ဟာ ပြီးခဲ့တဲ့ ရက်ကပဲ သူနဲ့ သူ့ဇနီးမှာ ကိုဗစ် ၁၉ ကူးစက်ခံရပြီလို့ တွစ်တာမှာ ကြေညာခဲ့ပါတယ်။ အဲဒီနောက်မှာ အိမ်ဖြူတော်ရဲ့ ဆရာဝန် Sean Conley ကလည်း ဒီသတင်းကို ထပ်လောင်း အတည်ပြုခဲ့ပါတယ်။ အခုတော့ ထရမ့်ကို Walter Reed Medical Center ကို ပို့ဆောင်ပေးလိုက်ပြီ ဖြစ်ပြီး အထူးကြပ်မတ်ကုသပေးနေပါတယ်။
ထရမ့်ဟာ အငြင်းပွားဖွယ်ရာ အမေရိကန် သမ္မတ အဖြစ် နာမည်ကြီးပါတယ်။ သူ့ကို မနှစ်သက် မထောက်ခံသူတွေ များပေမယ့် အမေရိကန် သမ္မတ ပလ္လင်မှာ ခန့်ခန့်ကြီး ထိုင်နေတာပါ။ အခုလို သူ ကိုဗစ် ရောဂါ ကူးစက်ခံရတဲ့အချိန်မှာ သူ့ကို ဝိုင်းဆော်ကြတဲ့ ပို့စ်တွေ လူမှုကွန်ရက်တွေမှာ ပလူပျံအောင် ထွက်နေပါတယ်။ ထရမ့်ဟာ ကိုဗစ်ကို အလဲထိုးနိုင်မလား ၊ ကိုဗစ်ကပဲ ထရမ့်ရဲ့ ဇီဝိန်ကို ချွေသွားမလား ဆိုတာ စောင့်ကြည့်ရမှာပါ။
Ref : techcrunch