အမေရိကန် စက်ရုပ်နည်းပညာကုမ္ပဏီ 1X ဟာ သူတို့ရဲ့ နာမည်ကျော် NEO လူတူစက်ရုပ်တွေကို ကာလီဖိုးနီးယားပြည်နယ်၊ ဟေးဝါ့ဒ်မြို့က စက်ရုံအသစ်မှာ အကြီးအကျယ် စတင်ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။
အခုလက်ရှိ ဝန်ထမ်းပေါင်း ၂၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ စတုရန်းပေ ၅၈,၀၀၀ ကျယ်ဝန်းတဲ့ ဒီစက်ရုံဟာ တစ်နှစ်ကို လူတူစက်ရုပ် ၁၀,၀၀၀ အထိ ထုတ်လုပ်နိုင်စွမ်းရှိပြီး ၂၀၂၇ ခုနှစ်မှာတော့ ၁ သိန်းကျော်အထိ တိုးမြှင့်ထုတ်လုပ်သွားဖို့ ရည်မှန်းထားပါတယ်။ စက်ရုံတွင်းမှာလည်း အဆင့်မြင့် မော်တာထုတ်လုပ်ရေးနဲ့ အလိုအလျောက် စက်မှုစနစ်တွေကို အသုံးပြုပြီး တိကျသေချာစွာ တပ်ဆင်နေတာပါ။

လက်ရှိ ထုတ်လုပ်ထားတဲ့ လူတူစက်ရုပ်တွေကို နည်းပညာစမ်းသပ်မှုတွေ ပြုလုပ်နေပြီး ၂၀၂၆ ခုနှစ်အတွင်းမှာ ဝယ်ယူသူတွေလက်ထဲကို စတင်ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ အိမ်အကူအဖြစ်ဖြစ်စေ၊ တခြားကိစ္စရပ်တွေမှာဖြစ်စေ အသုံးပြုနိုင်မယ့် ဒီ NEO စက်ရုပ်ကို ဒေါ်လာ ၂၀,၀၀၀ နဲ့ အပိုင်ဝယ်ယူနိုင်မှာဖြစ်သလို၊ တစ်လကို ဒေါ်လာ ၄၉၉ နဲ့ ငှားရမ်းအသုံးပြုနိုင်တဲ့ စနစ်နဲ့လည်း 1X ကုမ္ပဏီက တိုက်ရိုက်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
Ref : Technology Innovation
