တရုတ်နိုင်ငံရဲ့ ထိပ်တန်းရိုဘော့နည်းပညာကုမ္ပဏီ Unitree က လူကိုယ်တိုင် စီးနင်းမောင်းနှင်နိုင်တဲ့ “GD01” လို့ခေါ်တဲ့ စက်ရုပ်ကြီးကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီစက်ရုပ်ဟာ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲကလို လူက အထဲကနေ ထိန်းချုပ်မောင်းနှင်ရတာဖြစ်ပြီး နံရံတွေကိုတောင် တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်း ရှိပါတယ်။ အမြင့် ၂.၇ မီတာရှိပြီး ကိုယ်အလေးချိန် ကီလိုဂရမ် ၅၀၀ နီးပါးရှိတဲ့ အဲဒီစက်ရုပ်ကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ခြေနှစ်ချောင်း ဒါမှမဟုတ် ခြေလေးချောင်းနဲ့ သွားလာနိုင်အောင် ပုံစံပြောင်းလဲနိုင်ပါတယ်။

အခုလောလောဆယ်မှာတော့ အဲဒီ GD01 စက်ရုပ်ကြီးကို အဆင့်မြင့်နည်းပညာကို စိတ်ဝင်စားသူတွေအတွက် ရည်ရွယ်ပြီး စီးပွားဖြစ်ထုတ်လုပ်ဖို့ ပြင်ဆင်နေတာပါ။ အဲဒီစက်ရုပ်ရဲ့ စျေးနှုန်းကတော့ အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ ၅၄၀,၀၀၀ ဝန်းကျင်ကနေ စတင်မှာဖြစ်တာကြောင့် နည်းပညာဝါသနာရှင်တွေအတွက်တော့ တန်ဖိုးကြီးကစားစရာတစ်ခုလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ကုမ္ပဏီဘက်ကတော့ နောင်အနာဂတ်မှာ လူအများစု လက်လှမ်းမီနိုင်တဲ့ စျေးနှုန်းဖြစ်လာအောင် ထုတ်လုပ်မှုစရိတ်တွေကို လျှော့ချဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

အခုလို စက်ရုပ်ကြီးကို တကယ်တမ်း မောင်းနှင်ခွင့်ရမယ့်အပေါ် စိတ်လှုပ်ရှားနေကြသလို တချို့ကလည်း အဲဒီစက်ရုပ်ကို တကယ်တမ်း လက်တွေ့ဘဝမှာ ဘယ်လောက်အထိ အသုံးချနိုင်မလဲဆိုတာကို မေးခွန်းထုတ်နေကြပါတယ်။ အထူးသဖြင့် စက်ရုပ်ပေါ် တက်ရဆင်းရတာ ဘယ်လောက်လွယ်ကူမလဲ၊ တစ်ခါအားသွင်းထားရင် ဘယ်လောက်ကြာကြာ မောင်းနှင်နိုင်မလဲဆိုတဲ့ အချက်တွေကို စိတ်ဝင်စားနေကြတာပါ။ လက်ရှိမှာတော့ အဲဒီ GD01 စက်ရုပ်ကို ဘယ်တော့ စတင်ရောင်းချမယ်ဆိုတဲ့ ရက်အတိအကျကိုတော့ မကြေညာသေးပါဘူး။
Ref : Khaosod