ကိုယ်တိုင်ပရိုဂရမ်မင်း (Programming) လေ့လာသင်ယူခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ဗီယက်နမ်ကျောင်းသူလေး ဗူးဟာချောင်း (Vu Ha Chau) ဟာ အမေရိကန်နိုင်ငံရဲ့ နာမည်ကြီး အိုင်ဗီလိဂ် (Ivy League) အုပ်စုဝင် ဟားဗတ်၊ ပရင်စတန်နဲ့ ကိုလံဘီယာတက္ကသိုလ်ကြီး ၃ ခုစလုံးရဲ့ ကွန်ပျူတာသိပ္ပံ ပါရဂူဘွဲ့ (PhD) သင်တန်းတွေမှာ တစ်ပြိုင်နက်တည်း တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။
၅ နှစ်စာ သင်တန်းကြေး၊ အာမခံနဲ့ နေထိုင်စရိတ်အားလုံး အပြင် ပိုက်ဆံတစ်ပြားမှပေးစရာမလိုတဲ့ အပြည့်အဝထောက်ပံ့မယ့် အဲဒီပညာသင်ဆုတွေဟာ တက္ကသိုလ်တစ်ခုချင်းစီအလိုက် အမေရိကန်ဒေါ်လာ ၄ သိန်းခွဲကနေ ၆ သိန်းခွဲအထိ တန်ဖိုးရှိပါတယ်။ ဒါဟာ သူမရဲ့ တက္ကသိုလ် ၄ နှစ်တာအတွင်း မဆုတ်မနစ် ကြိုးစားခဲ့မှုတွေကြောင့် ရရှိလာတဲ့ ရလဒ်ကောင်းတစ်ခု ဖြစ်ပါတယ်။

အထက်တန်းကျောင်းတုန်းက အင်္ဂလိပ်စာအထူးပြု အတန်းမှာ တက်ရောက်ခဲ့တဲ့ ချောင်းဟာ ကွန်ပျူတာကုတ်ရေးနည်းတွေကို အွန်လိုင်းကနေ ကိုယ်တိုင်ပဲ လေ့လာခဲ့တာပါ။
ပထမဆုံး ဖန်တီးခဲ့တဲ့ ဆော့ဖ်ဝဲလ်တွေကို လူတွေအသုံးပြုနေကြတာ မြင်ရတဲ့အခါ စိတ်လှုပ်ရှားပြီး သဘောကျခဲ့တာကြောင့် ၂၀၂၂ ခုနှစ်မှာ အမေရိကန် ပိုမိုနာကောလိပ် (Pomona College) မှာ ဒေါ်လာ ၂ သိန်း ၆ သောင်းတန် ပညာသင်ဆုနဲ့ ကျောင်းစတက်ဖြစ်ခဲ့ပါတယ်။
တက္ကသိုလ်ရောက်တဲ့အခါ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာအပြင် သုတေသနလုပ်ငန်းတွေကိုပါ စိတ်ဝင်စားလာပြီး လူသားနဲ့ ကွန်ပျူတာအပြန်အလှန်သက်ရောက်မှု (Human-Computer Interaction – HCI) နယ်ပယ်ထဲကို တစိုက်မတ်မတ် ဝင်ရောက်လေ့လာခဲ့ပါတယ်။
သူမရဲ့ သုတေသနစာတမ်းအချို့ဟာ ကမ္ဘာ့အဆင့်မီ နည်းပညာညီလာခံတွေမှာ ထိပ်တန်းအကောင်းဆုံးစာတမ်းဆုတွေ ရရှိခဲ့သလို မြောက်အမေရိကရဲ့ ထူးချွန်ကျောင်းသား သုတေသနပညာရှင်တစ်ဦးအဖြစ်လည်း ဂုဏ်ပြုခံခဲ့ရပါတယ်။

ကျောင်းစာ၊ သုတေသနနဲ့ Microsoft၊ Amazon တို့လို ကမ္ဘာ့ထိပ်သီးနည်းပညာကုမ္ပဏီကြီးတွေမှာ အလုပ်သင်ဆင်းရတဲ့ ဖိအားတွေကို သူမဟာ အချိန်ဇယားစနစ်တကျဆွဲပြီး အနားယူတာ၊ စန္ဒယားတီးတာတွေနဲ့ မျှတအောင် ထိန်းညှိကျော်ဖြတ်ခဲ့ပါတယ်။
လက်ရှိမှာတော့ ကုမ္ပဏီကြီးတွေရဲ့ အလုပ်ကမ်းလှမ်းချက်တွေကို ငြင်းပယ်ပြီး သိပ္ပံပညာရှင်လမ်းကြောင်းအတိုင်း အိမ်မက်တက္ကသိုလ် ၃ ခုထဲက တစ်ခုကို ရွေးချယ်ဖို့ ပြင်ဆင်နေပါတယ်။
ဘယ်တက္ကသိုလ်ပဲတက်တက် သူမရဲ့အနာဂတ် ရည်မှန်းချက်ကတော့ လူသားတွေနဲ့ AI စနစ်အကြား ဘေးကင်းလုံခြုံတဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ ဖြစ်လာစေဖို့ နည်းပညာစနစ်တွေ ဆက်လက်ဖန်တီးသွားမှာ ဖြစ်ပါတယ်။
Ref: vnexpress