Visa က ရုရှားမှာ ငွေလွှဲပြောင်းမှုတွေကို လာမယ့်ရက်အနည်းငယ်အတွင်း ရပ်နားမယ်လို့ ဝက်ဘ်ဆိုက်မှာ ကြေညာလိုက်ပါတယ်။ Mastercard ကလည်း အလားတူ သတင်းစကားပါးလိုက်ပြီး ရုရှားမှာ ဝန်ဆောင်မှုတွေကို ရပ်နားထားကာ ဒီဆုံးဖြတ်ချက်ကို အလေးအနက်ထားကာ ပြုလုပ်ခဲ့တာလို့ ပြောပါတယ်။ ကုမ္ပဏီ ၂ ခုက ရုရှား ဘဏ်တွေကနေတစ်ဆင့် Visa , Mastercard Card တွေကို သုံးကာ ငွေလွှဲပြောင်းမှု အားလုံးကို ပိတ်ပင်မယ်လို့ ရှင်းပြပါတယ်။
Visa CEO AI Kelly က “ ဒါဟာ ရုရှားက ကျွန်တော်တို့ရဲ့ တန်ဖိုးထားရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ဖောက်သည်တွေ၊ မိတ်ဖက် ကုန်သည်တွေနဲ့ Card အသုံးပြုသူတွေကို ထိခိုက်စေမှာပါ။ ရုရှားရဲ့ ယူကရိန်း အပေါ် ကျူးကျော်စစ်ဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေတဲ့အတွက် အခုလို ပြုလုပ်ရတာပါ။ “ လို့ ပြောပါတယ်။
ယူကရိန်း သမ္မတ Volodymyr Zelensky က Visa နဲ့ Mastercard ရဲ့ ဝန်ဆောင်မှုတွေကို ရုရှားမှာ ပိတ်ပင်ပေးဖို့ အမေရိကန် အာဏာပိုင်တွေကို တောင်းဆိုပြီးနောက်မှာ အခု သတင်းထွက်လာတာပါ။ ရုရှားမှာ Visa နဲ့ Mastercard ရဲ့ ဝန်ဆောင်မှုတွေ ရပ်နားလိုက်တာကို ဝမ်းသာပါတယ်လို့ လွှတ်တော်အမတ် Brad Sherman က တွစ်တာမှာ ရေးသားခဲ့ပါတယ်။
ရုရှားရဲ့ ယူကရိန်း အပေါ် ကျူးကျော်စစ်ကြောင့် အမေရိကန်နဲ့ ဥရောပ သမဂ္ဂဟာ ရုရှား ဘဏ် တချို့ကို နိုင်ငံတကာ ငွေကြေး စနစ် SWIFT ကနေ ပိတ်ပင်ခဲ့ပါတယ်။ Apple Pay နဲ့ Google Pay တို့ကို ရုရှားမှာ သုံးလို့ မရတော့သလို PayPal ကလည်း ရုရှားမှာ ဝန်ဆောင်မှုတွေ ရပ်နားခဲ့ပါတယ်။ Samsung , Microsoft , Apple နဲ့ Google အပါအဝင် နာမည်ကြီး ကုမ္ပဏီများစွာဟာ ရုရှားနဲ့ စီးပွားရေး လုပ်တာကို ရပ်နားထားပါတယ်။
Ref : theverge