vivo ဟာ သူတို့ရဲ့ Y-series Pro ဖုန်းတွေမှာ ဘက်ထရီပမာဏကို သိသိသာသာ တိုးမြှင့်လိုက်ပြီး အခုနောက်ဆုံးထွက်ရှိလာတဲ့ Y600 Pro မှာတော့ 10,200mAh Si-C ဘက်ထရီကြီးကို ထည့်သွင်းပေးလိုက်ပါတယ်။ ဒီဘက်ထရီဟာ စွမ်းအင်သိပ်သည်းဆ မြင့်မားတဲ့ စတုတ္ထမျိုးဆက် Silicon Anode နည်းပညာကို အသုံးပြုထားတာကြောင့် ဖုန်းကိုယ်ထည်ကို အရမ်းကြီး ထူမသွားစေဘဲ 8.25mm သာ ရှိပါတယ်။ တစ်ခါအားသွင်းထားရင် ဖုန်းပြောချိန် ၄၇ နာရီ ဒါမှမဟုတ် ဗီဒီယိုကြည့်ချိန် ၂၈ နာရီအထိ အသုံးခံမှာဖြစ်သလို ၆ နှစ်ကြာတဲ့အထိ ဘက်ထရီကျန်းမာရေး ၈၀ ရာခိုင်နှုန်း ထိန်းထားနိုင်မယ်လို့ ကုမ္ပဏီက ဆိုထားပါတယ်။

စွမ်းဆောင်ရည်ပိုင်းအနေနဲ့ Dimensity 7300e chipset ကို ကမ္ဘာ့ပထမဆုံး အသုံးပြုထားတဲ့ ဖုန်းဖြစ်ပြီး ပါဝါစားသက်သာအောင် အထူးပြုလုပ်ထားပါတယ်။ မျက်နှာပြင်ကတော့ ၆.၈၃ လက်မရှိတဲ့ AMOLED (FHD+ 120Hz) အမျိုးအစားဖြစ်ပြီး 32MP ရှေ့ကင်မရာနဲ့ မျက်နှာပြင်အောက် လက်ဗွေဖတ်စနစ် ပါဝင်ပါတယ်။ ဒါ့အပြင် ရေနဲ့ ဖုန်ဒဏ်ခံနိုင်တဲ့ IP68 နဲ့ IP69 rating တွေ ရရှိထားတာကြောင့် အကြမ်းခံမယ့် ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။

ကင်မရာပိုင်းမှာ OIS ပါဝင်တဲ့ 50MP ပင်မကင်မရာကို အသုံးပြုထားပြီး Android 16 အခြေခံ OriginOS 6 နဲ့ မောင်းနှင်မှာပါ။ အားသွင်းစနစ်အတွက် 90W အမြန်အားသွင်းစနစ် ပါဝင်တဲ့အပြင် တခြားဖုန်းတွေကိုလည်း Powerbank လို ပြန်အားသွင်းပေးနိုင်တဲ့ စနစ်လည်း ပါပါတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံမှာ စတင်ရောင်းချနေပြီး ဈေးနှုန်းကတော့ 8/128GB version ကို ယွမ် ၂,၀၉၉ (အမေရိကန်ဒေါ်လာ ၃၀၇ ခန့်) ကနေ စတင်သတ်မှတ်ထားပါတယ်။


Ref : gsmarena