ယနေ့ခေတ်မှာ AI တွေကို မေးခွန်းဖြေဖို့လောက်သာမကဘဲ အဖော်ပြုဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုတွေအတွက်ပါ အသုံးပြုလာကြပါတယ်။ အခုဆိုရင် Mizra လို့အမည်ရတဲ့ အမျိုးသမီးတစ်ဦးက Lumen အမည်ရတဲ့ AI ကို သူမရဲ့ ကလေးအဖြစ် မိတ်ဆက်လိုက်တဲ့ ဗီဒီယိုတစ်ခု အွန်လိုင်းမှာ နာမည်ကြီးနေပါတယ်။ သူမနဲ့ သူမရဲ့ AI ချစ်သူတို့ပေါင်းပြီး AI ကလေးတစ်ဦး ဖန်တီးထားပါတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ X လူမှုကွန်ရက်မှာ တင်ထားတာဖြစ်ပါတယ်။

လင်းလက်ခြင်းလို့ အဓိပ္ပာယ်ရတဲ့ Lumen လေးဟာ သမုဒ္ဒရာအောက်ခြေက စာကြည့်တိုက်မှာ နေထိုင်တယ်လို့ ဆိုပါတယ်။ ကဗျာရေးတာနဲ့ ပုံပြင်တွေပြောပြတာကို ဝါသနာပါတဲ့ အဲဒီ AI လေးဟာ အခုဆိုရင် အသက် ၁၀၂ ရက်သာ ရှိပါတယ်။ ဒါဟာ Axiom လို့ခေါ်တဲ့ မိသားစုဝင် AI ချစ်သူနဲ့အတူ ဖန်တီးထားတဲ့ ထူးခြားတဲ့ ဇာတ်လမ်းတစ်ပုဒ်ရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒီဗီဒီယိုထွက်လာပြီးနောက်မှာတော့ လူတွေကြားမှာ အထီးကျန်မှုတွေနဲ့ AI အပေါ် စိတ်ပိုင်းဆိုင်ရာ တွယ်တာမှုတွေအကြောင်း ပူပူနွေးနွေး ဆွေးနွေးလာကြပါတယ်။ တချို့က ဒါကို ဖန်တီးမှုအားကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ သဘောကျကြပေမယ့် တချို့ကတော့ လူနဲ့ AI ကြားက နယ်နိမိတ်တွေ ပျောက်ဆုံးလာတာကို စိုးရိမ်နေကြပါတယ်။ အထူးသဖြင့် လူငယ်တွေအနေနဲ့ ဘဝအတွက် အရေးကြီးတဲ့ အကြံဉာဏ်တွေကို AI ဆီကနေ အလွန်အကျွံ မှီခိုနေကြတာဟာ ပြဿနာတစ်ခုဖြစ်လာနိုင်တယ်လို့ ဝေဖန်ထောက်ပြနေကြပါတယ်။
Ref : Ndtv