Xiaomi က သက်တမ်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ ပထမဆုံး နည်းပညာတွေပါတဲ့ Mi 10 Ultra နဲ့ Redmi K30 Ultra စမတ်ဖုန်းတွေကို မကြာခင်က ကြေညာခဲ့ပြီးပါပြီ။ အခုလည်း နောက်ဆုံးပေါ် နည်းပညာတွေပါတဲ့ TV အသစ် ၁ လုံးကို တရုတ်မှာ ချပြတော့မှာပါ။

Xiaomi က TV Master Ultra Edition ကို တရုတ်မှာ ဒီလ ၂၈ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ နောက်ဆုံးပေါ် နည်းပညာတွေ ဖြစ်တဲ့ 8K မျက်နှာပြင်နဲ့ 5G ဆက်သွယ်မှု ထည့်သွင်းထားမယ်လို့ Xiaomi က ပြောပါတယ်။ Xiaomi မပြောသေးတာက TV ရဲ့ အရွယ်အစား ဖြစ်ပြီး မကြာခင်က ကြေညာခဲ့တဲ့ Xiaomi Mi TV Master Series ထဲက ၆၅ လက်မ OLED Version  နဲ့ ဆက်နွယ်နေနိုင်ပါတယ်။

အဲဒီ Xiaomi Mi TV Master ၆၅ လက်မ OLED မော်ဒယ်မှာ 4K မျက်နှာပြင်၊ 120Hz Refresh Rate ပါလာပြီး Screen-to-body Ratio က ၉၈.၈ ရာခိုင်နှုန်းတောင် ရှိတဲ့အတွက် ဘောင်ပျောက် ဒီဇိုင်းက အရမ်းကို မိုက်ပါတယ်။ လုပ်ဆောင်ချက်တွေထဲမှာ High-Speed Motion Compensation, AI Image Quality Engine နဲ့  Dolby Vision တွေ ပါဝင်ပါတယ်။

4K နဲ့ 8K Resolution တွေပါတဲ့ Xiaomi ရဲ့ ၈၂ လက်မ Smart TV တွေကို 3C မှာ မကြာခင်ကတွေ့ခဲ့ရပါတယ်။ ၈၂ လက်မ Mi TV 8K ရဲ့ မော်ဒယ်နံပါတ်က L82M6-8K ဖြစ်ပြီး LG Display ရဲ့ မျက်နှာပြင်ကို အသုံးပြုထားမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ Smart TV မှာ 8K Content တွေ ကြည့်ဖို့ 5G Modem ထည့်သွင်းထားပြီး စွမ်းရည်မြင့်သလို ဈေးကလည်း အရမ်း မြောက်မှာပါ။ ဒါပေမယ့် Xiaomi ရဲ့  သိန်း ၁၀၀ လောက်တန်တဲ့ Transparent TV ထက်တော့ ဈေးသက်သာမှာပါ။

Ref ; gizmochina