Xiaomi ဟာ သူ့ရဲ့ နာမည်ကျော် Flagship Mi 10 စီးရီးမှာ နောက်ထပ် အမျိုးအစားသစ်တစ်မျိုးကို ထပ်ပြီးပေါင်းထည့်ဦးမယ်လို့ မျှော်လင့်ရပါတယ်။ ဟန်းဆက်သစ်ဟာ Mi 10 Pro ရဲ့ အထက်မှာရှိမယ်လို့ ယူဆရပြီး နာမည်ကတော့ Mi 10 Pro Plus ဖြစ်မယ်လို့ သတင်းထွက်နေတာ ဖြစ်ပါတယ်။

အသစ်ထွက်လာမယ့် ဟန်းဆက်ဟာ Higher-end အမျိုးအစားဖြစ်ပေမယ့် Qualcomm ရဲ့ Snapdragon 865 ကိုပဲ အသုံးပြုထားမှာဖြစ်ပြီး 865+ အမျိုးအစားကိုတော့ အသုံးပြုမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။ ဒီသတင်းက တရုတ်လူမှုကွန်ရက် Weibo က နာမည်ကျော် Leakster Digital Chat Station ဆီကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Xiaomi ဟာ လာမယ့်သြဂုတ်လထဲမှာ Mi 10 အမျိုးအစားသစ်တစ်ခုကို ဖြန့်ချိဦးမယ်ဆိုတဲ့သတင်းက လွန်ခဲ့တဲ့ ဇွန်ကလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် တရုတ်နည်းပညာကုမ္ပဏီကြီးကတော့ Mi 10 Pro Plus အကြောင်းကိုတော့ တရားဝင် ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။ ဒါကြောင့် Mi 10 Pro Plus ဟာ ကောလာဟလအဆင့်မှာပဲ ရှိနေပါသေးတယ်။

ဘလော့ဂါကတော့ ဟန်းဆက်သစ်ရဲ့ ဖြစ်နိုင်တဲ့ Overclock ရမှတ်ကွာဟမှုကို နှိုင်းယှဉ်ခဲ့ပြီး ဂိမ်းကစားရာမှာ သိသာထင်ရှားတဲ့ကွာဟမှုမရှိပေမယ့် နေ့စဉ်သုံးစွဲမှုမှာတော့ စွမ်းဆောင်ရည်ဟာကွာဟမှုရှိနိုင်ကြောင်း ပြောခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် Processor အသစ်ဟာ 3GHz clock speed mark ကို ကျော်ဖြတ်လာတဲ့ ပထမဆုံး မိုလ်ဘိုင်း Chip ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

အခြားအချက်အလက်တွေအဖြစ် Xiaomi Mi 10 Pro Plus ဟာ 100W အမြန်အားသွင်းစနစ်လည်း ပါဝင်လာမယ်လို့ သိရပါတယ်။ ကံမကောင်းစွာနဲ့ဘဲ ဒီသတင်းတွေအားလုံးကို အတည်ပြုနိုင်မယ့် နည်းလမ်းမရှိသေးတာကြောင့် Xiaomi ဘက်ကနေ တရားဝင်ကြေညာလာတာကိုပဲ စောင့်ဆိုင်းရတော့မှာ ဖြစ်ပါတယ်။

Ref: Gizmochina