Xiaomi ရဲ့ ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ် (Q2) ဘဏ္ဍာရေးအစီရင်ခံစာအရ စုစုပေါင်း ဝင်ငွေ တရုတ်ယွမ် ၁၀၈.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၆.၂ ဘီလီယံ) ရရှိခဲ့ပြီး အသားတင်အမြတ်ငွေ ယွမ် ၆.၂ ဘီလီယံ (ဒေါ်လာ ၉၁၉ သန်း) ရရှိခဲ့ပါတယ်။ အဲဒီ ဝင်ငွေအများစုဟာ စမတ်ဖုန်းနဲ့ AIoT စက်ပစ္စည်းတွေကနေ ရရှိတာဖြစ်ပြီး EV (လျှပ်စစ်ကား) အပါအဝင် တခြားကဏ္ဍသစ်တွေကနေ ယွမ် ၂၄.၉ ဘီလီယံ ရရှိခဲ့ပေမယ့် EV ကဏ္ဍမှာတော့ အရှုံးပေါ်ခဲ့ပါတယ်။

စမတ်ဖုန်းရောင်းချရမှု အပိုင်းမှာတော့ ကမ္ဘာတစ်ဝန်းလုံးမှာ ဖုန်းအလုံးရေ ၃၁.၂ သန်း တင်ပို့ရောင်းချနိုင်ခဲ့ပြီး စျေးကွက်ဝေစု ၁၁.၅ ရာခိုင်နှုန်း ရရှိထားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ရောင်းချရမှု ၂၆.၃ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ဖုန်းရောင်းအား ကျဆင်းသွားပေမယ့် ဖုန်းတစ်လုံးရဲ့ ပျမ်းမျှရောင်းဈေး (ASP) ကတော့ စံချိန်တင် ယွမ် ၁,၃၅၁ (ဒေါ်လာ ၂၀၀) အထိ မြင့်တက်လာခဲ့ပြီး တရုတ်ပြည်တွင်းမှာ ရောင်းချရတဲ့ Xiaomi ဖုန်း ၃ လုံးမှာ ၁ လုံးခန့်ဟာ အဆင့်မြင့် (Premium) ဖုန်းတွေ ဖြစ်လာပါတယ်။

Xiaomi ဟာ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး (R&D) အပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား ပြုလုပ်နေပြီး ဝန်ထမ်းတစ်ဝက်နီးပါးဟာ R&D ကဏ္ဍမှာ လုပ်ကိုင်နေကြပါတယ်။ လက်ရှိမှာ MiMo-V2.5 LLM လိုမျိုး AI မော်ဒယ်တွေနဲ့ HyperOS 4 အသစ်ကို အဓိကထား တီထွင်နေပါတယ်။ တက်ဘလက် ရောင်းချရမှုမှာ ၆.၈ ရာခိုင်နှုန်း ကျဆင်းသွားပေမယ့် ဝတ်ဆင်နိုင်တဲ့ စက်ပစ္စည်း (Wearables) နဲ့ TWS နားကြပ် စျေးကွက်တွေမှာတော့ ကမ္ဘာတစ်ဝန်း အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်နေပါတယ်။
Ref : gsmarena