Xiaomi ဟာ လက်ရှိအချိန်မှာ အအောင်မြင်ဆုံးစမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်သလို Xiaomi ဖုန်းတွေမှာ အသုံးပြုထားတဲ့ MIUI ဟာလည်း လူကြိုက်များတဲ့ UI တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း MIUI ဟာ ဝေဖန်အခံရဆုံး UI တစ်ခုလို့ ပြောနိုင်ပါတယ်။


Xiaomi ကနေ နောက်ဆုံးထုတ်ပြန်ထားတဲ့သတင်းအရ Xiaomi စမတ်ဖုန်းတွေကို လစဥ်အသုံးပြုနေသူပေါင်း သန်း ၆၀၀ ကျော်အထိရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် MIUI ဟာ လူအသုံးအများဆုံး စမတ်ဖုန်း UI တစ်ခုလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Xiaomi ဟာ MIUI 14 ကို နောက်ဆုံးအနေနဲ့ ထုတ်ပေးထားပြီး ပုံမှန်အားဖြင့် MIUI 14.5 ကို ထုတ်ပေးရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အခုထွက်ပေါ်လာတဲ့သတင်းတွေအရ Xiaomi ကနေ MIUI 14.5 ကို ထုတ်ဖို့ အစီအစဥ်ကို ဖျက်သိမ်းလိုက်ပြီလို့ သိရပါတယ်။

အဆိုပါသတင်းကို Xiaomiui ကနေ ဖော်ပြခဲ့တာဖြစ်ပြီး MIUI 14.5 အစား MIUI 15 ကို Major Release အနေနဲ့ ပြောင်းလဲမိတ်ဆက်သွားဖို့ စီစဥ်နေတာဖြစ်ပါတယ်။ MIUI 15 ဟာ နောက်ဆုံးထွက်ရှိထားတဲ့ Android 14 ကို အခြေခံထားမယ်လို့ သိရပြီး MIUI 15 Update ရရှိမယ့် Xiaomi ဖုန်းတွေက Android 14 ကိုပါ Update ပြုလုပ်ပြီး ဖြစ်သွားမှာပါ။

Android 14 ဟာ Google ကနေ ကြေညာချက်အရ UI ပိုင်းအပြင် တခြားသော ပြောင်းလဲမှုတွေအများအပြားပြုလုပ်ထားတာကြောင့် Xiaomi ရဲ့ MIUI 15 က ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။ မိတ်ဆက်မယ့်အချိန်ကို အတိအကျမသိရသေးပေမယ့် Xiaomi 14 Series ဖုန်းတွေမမိတ်ဆက်ခင်မှာ အရင်ထုတ်ပြသွားမယ်လို့ ခန့်မှန်းရပါတယ်။

Ref – Gizmo China