Facebook နာမည်ပြောင်းတော့မယ်ဆိုတဲ့ သတင်းတွေ မကြာခင်က ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပါတယ်။ တကယ်တော့ Facebook ရဲ့ နာမည်ကို ပြောင်းတာ မဟုတ်ဘဲ မိခင်ကုမ္ပဏီကို တည်ထောင်တာ ဖြစ်ပါတယ်။ အခုတော့ Facebook က အဲဒီ နာမည်ဟာ Meta လို့ ကြေညာလိုက်ပါတယ်။

Facebook is now Meta

Mark Zuckerberg က ကုမ္ပဏီရဲ့ Connect Event မှာ အဲဒီနာမည်ကို ပြောပြလိုက်တာ ဖြစ်ပြီး Facebook , Instagram , WhatsApp နဲ့ Quest (Oculus နာမည်ကို ပြောင်းထားတာပါ။) တို့ရဲ့ မိခင် ကုမ္ပဏီဟာ Meta ဖြစ်လာမှာပါ။ Google , Google Ventures , Waymo, Fitbit , Wing တို့ရဲ့ မိခင် ကုမ္ပဏီဟာ Alphabet ဖြစ်လာသလိုမျိုးပါပဲ။

Facebook the company rebrands as Meta to take us all into the metaverse

နာမည်ပြောင်းလိုက်ပေမယ့် ကုမ္ပဏီရဲ့ စီးပွားရေး လုပ်ငန်း တည်ဆောက်ပုံ မပြောင်းလဲဘူးလို့ Zuckerberg က ပြောပါတယ်။ ဒါပေမယ့် ငွေကြေးဆိုင်ရာ Report တွေဟာ ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်း ပြောင်းလဲသွားမှာပါ။ ကုမ္ပဏီရဲ့ ငွေကြေးဆိုင်ရာ Report တွေကို Family of Apps နဲ့ Reality Labs ဆိုပြီး ၂ ပိုင်းခွဲခြားထားမှာပါ။

The Verge နဲ့ အင်တာဗျူးမှာ Zuckerberg က Instagram နဲ့ WhatsApp တို့ကို ဝယ်ပြီးကတည်းက ကုမ္ပဏီ နာမည်ပြောင်းဖို့ စဉ်းစားခဲ့တာလို့ ပြောပါတယ်။ ဒီလို နာမည်ပြောင်းလိုက်တာက Metaverse ကို တည်ထောင်ဖို့ အစခြေလှမ်း ၁ ခု ဖြစ်ပါတယ်။ Metaverse ကို User တွေ ပိုပြီး ခံစားသက်ဝင်နိုင်မယ့် အင်တာနက် ပလက်ဖောင်းလို့ အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။ သင်ဟာ အဝေးက တခြား လူ ၁ ယောက်နဲ့ အတုအယောင် တည်နေရာ ၁ ခုမှာ အတူတူ ရှိနေသလို ခံစားရနိုင်တဲ့ သဘောမျိုး ဖြစ်ပါတယ်။

VR ဟာ Meta ရဲ့ အနာဂတ်ပါ။

Meta ဟာ လူသား ၁ ဘီလီယမ်ကို VR အသုံးပြုနိုင်ဖို့ စီစဉ်ထားတဲ့အတွက် Metaverse ရဲ့ ပင်မ ကျောရိုးဟာ VR ဖြစ်လာမှာပါ။ ဒီလို ပံ့ပိုးပေးဖို့အတွက် ကုမ္ပဏီဟာ လူတွေ ပိုသုံးနိုင်အောင် Device ဈေးနှုန်းတွေကို လျှော့ချပေးဖို့ ရည်ရွယ်ထားပါတယ်။

Ref : gizmochina