အနာဂတ် စစ်ပွဲတွေမှာ စက်ရုပ်တွေနဲ့ တိုက်ခိုက်ကြမယ့် အလားအလာတွေ ရှိနေပါပြီ။ စက်ရုပ် ခွေးနဲ့ ဒရုန်း မီးရှူးမီးပန်းတွေနဲ့ တိုက်ခိုက်ကြတဲ့ ဗီဒီယိုဟာ တရုတ်က လူမှုကွန်ရက်တွေမှာ နာမည်ကြီးနေပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ အဲဒီဗီဒီယိုကို ရိုက်ကူးထားတဲ့ တည်နေရာကို မဖော်ပြထားပါဘူး။ ဒရုန်းရဲ့ Landing Gear မှာ မီးရှူးမီးပန်းတွေ တပ်ဆင်ထားပါတယ်။ ခွေးရဲ့ ကျောမှာလည် မီးရှူးမီးပန်းတွေ တပ်ဆင်ထားပါတယ်။ ဗီဒီယိုမှာ ခွေးနဲ့ ဒရုန်းဟာ မီးရှူးမီးပန်းတွေနဲ့ အဆက်မပြတ် တိုက်ခိုက်နေတာကို မြင်ရပါတယ်။
ဒရုန်းဟာ တည်နေရာကို ပြောင်းလဲပြီး တိုက်ခိုက်နေတာကို မြင်ရပြီး ခွေးကလည်း ဒရုန်းရှိရာဘက်ကို လှည့်ပတ်သွားလာကာ တိုက်ခိုက်နေပါတယ်။ အဲဒီ စက်ရုပ် ၂ ရုပ်ကို လူက ထိန်းချုပ်နေတာလား၊ အလိုအလျှောက် တိုက်ခိုက်နေတာလား ဆိုတာ မသိရပါဘူး။
လူမှုကွန်ရက် သုံးစွဲသူတွေက ဒါဟာ ဉာဏ်ရည်တု နည်းပညာ (AI) ပါတဲ့ စက်ရုပ်တွေရဲ့ တိုက်ပွဲ ဖြစ်တယ်လို့ မှတ်ချက်ပေးနေကြပါတယ်။
အခုခေတ် စစ်ပွဲတွေမှာ ဒရုန်းတွေကို အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်အတွင်း ရုရှားနဲ့ စစ်ပွဲမှာ ဒရုန်း ၁.၂ သန်းကျော်ကို အသုံးပြုခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ရုရှားကလည်း ဒရုန်း ၁.၄ သန်းကျော်ကို ထုတ်လုပ်ပြီး တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။