သတင်းထွက်ပေါ်နေခဲ့တဲ့ vivo Y400 Pro မော်ဒယ်သစ်ကို vivo ကုမ္ပဏီက ယနေ့ တရားဝင်မိတ်ဆက်လိုက်ပါတယ်။   စတိုင်ကျမှုနဲ့ စွမ်းဆောင်ရည်မြင့်မားမှုကို ကြိုက်သူတွေကို အဓိကပစ်မှတ်ထားပြီး 3D မျက်နှာပြင်အကွေး၊ 120Hz Refresh Rate နဲ့ 90W အမြန်အားသွင်းစနစ်ကဲ့သို့ အဆင့်မြင့်နည်းပညာများစွာကို ထည့်သွင်းပေးထားပါတယ်။

vivo Y400 Pro arrives with a 120Hz curved screen and 4K recording for front camera

မျက်နှာပြင်နဲ့ ဒီဇိုင်း 

vivo Y400 Pro မှာ 6.77 လက်မအရွယ်အစားရှိ FullHD+ 3D Curved AMOLED မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး 120Hz refresh rate ကြောင့် လျင်မြန်ချောမွေ့တဲ့ အတွေ့အကြုံကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ အမြင့်ဆုံးတောက်ပမှုမှာ 4,500 nits အထိရှိပြီး မျက်နှာပြင်အောက်မှာ လက်ဗွေရာစနစ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ Freestyle White အရောင်မော်ဒယ်ရဲ့ ကျောဘက်မှာ Baroque Pearl ဒီဇိုင်းကို အသုံးပြုထားတဲ့ကြောင့် ဖုန်းတစ်လုံးနဲ့တစ်လုံးရဲ့ ဒီဇိုင်းပုံစံမှာ ထူးခြားစွာကွဲပြားနေမှာဖြစ်ကြောင်း vivo က ဆိုပါတယ်။

vivo Y400 Pro arrives with a 120Hz curved screen and 4K recording for front camera

 ကင်မရာစွမ်းဆောင်ရည် 

ကင်မရာပိုင်းမှာ Sony IMX882 sensor ကို အသုံးပြုထားတဲ့ 50MP အဓိကကင်မရာနဲ့ နောက်ခံမြင်ကွင်းကို ဝါးအောင်ပြုလုပ်ပေးနိုင်တဲ့ 2MP depth sensor တို့ ပါဝင်ပါတယ်။ ရှေ့ဘက်မှာ 4K ဗီဒီယိုရိုက်ကူးနိုင်တဲ့ 32MP selfie ကင်မရာကို တပ်ဆင်ထားပါတယ်။ ထူးခြားချက်အနေဖြင့် Sony Multifocal Portrait နည်းပညာကို ထောက်ပံ့ပေးထားတဲ့ကြောင့် 1x, 1.5x နဲ့ 2x zoom အဆင့်တွေမှာ Portrait ဓာတ်ပုံတွေကို အရည်အသွေးမြင့်မားစွာ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

 စွမ်းဆောင်ရည်နဲ့ ဘက်ထရီ 

ဖုန်းရဲ့စွမ်းဆောင်ရည်အတွက် Dimensity 7300 chipset ကို အသုံးပြုထားပြီး 8GB LPDDR4X RAM နဲ့ 256GB UFS 3.1 storage အထိ ရွေးချယ်နိုင်ပါတယ်။ ဘက်ထရီမှာ 5,500 mAh ပမာဏရှိပြီး 90W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။ အဆိုပါ အားသွင်းစနစ်ဖြင့် ၁၉ မိနစ်အတွင်း ဘက်ထရီပမာဏရဲ့ ၅၀ ရာခိုင်နှုန်းကို ပြန်လည်ဖြည့်တင်းနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

ဈေးနှုန်းနဲ့ ရောင်းမယ့် အချိန်

vivo Y400 Pro ကို Fest Gold, Nebula Purple, နဲ့ Freestyle White ဆိုပြီး အရောင်သုံးမျိုးနဲ့ရရှိနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းတွေမှာ 8GB RAM/128GB Storage မော်ဒယ်အတွက် အိန္ဒိယရူပီး ၂၄,၉၉၉ (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂၉၀) နဲ့ 8GB RAM/256GB Storage မော်ဒယ်အတွက် အိန္ဒိယရူပီး ၂၆,၉၉၉ (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃၁၀) အသီးသီး သတ်မှတ်ထားပါတယ်။

အိန္ဒိယနိုင်ငံမှာ ဇွန်လ ၂၇ ရက်နေ့မှစတင်ကာ vivo ရဲ့ တရားဝင်ဝဘ်ဆိုဒ်၊ Amazon.in, Flipkart နဲ့ အခြားပါတနာအရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်ကြောင်း vivo က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Ref: gsmarena