Iron Man ဇာတ်ကားထဲကလို ဂျက်အင်ဂျင်တွေတပ်ဆင်ပြီး ကိုယ်တိုင်ပျံသန်းနိုင်တဲ့ လူသားပုံစံ စက်ရုပ်တစ်ရုပ်ကို သိပ္ပံပညာရှင်တွေက အမှန်တကယ် တီထွင်နိုင်ခဲ့ပြီဖြစ်ကြောင်း အီတလီနည်းပညာတက္ကသိုလ် (IIT) က ကြေညာလိုက်ပါတယ်။ “iRonCub3” လို့ အမည်ပေးထားတဲ့ ဒီစက်ရုပ်ဟာ ကမ္ဘာ့ပထမဆုံး ပျံသန်းနိုင်တဲ့ လူသားပုံစံစက်ရုပ်အဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူလိုက်ပြီ ဖြစ်ပါတယ်။
စမ်းသပ်ပျံသန်းမှုတွေအတွင်းမှာ iRonCub3 ဟာ သူ့ရဲ့ ဂျက်အင်ဂျင်တွေကိုသုံးပြီး မြေပြင်ကနေ စင်တီမီတာ ၅၀ (တစ်ပေခွဲကျော်) အမြင့်အထိ အောင်မြင်စွာ ပျံဝဲနိုင်ခဲ့ပါတယ်။ ဒီလိုပျံသန်းနိုင်ဖို့အတွက် သူ့ရဲ့လက်မောင်းတွေမှာ ဂျက်တာဘိုင်အသေးစားနှစ်လုံးနဲ့ ကျောဘက်မှာ Jetpack ကဲ့သို့ တာဘိုင်နှစ်လုံး၊ စုစုပေါင်း ဂျက်တာဘိုင်လေးလုံးကို တပ်ဆင်ထားပါတယ်။
iRonCub3 ရဲ့ အထူးခြားဆုံးစွမ်းဆောင်ရည်ကတော့ လေထဲမှာ ဟန်ချက်ညီညီနေနိုင်အောင် ထိန်းချုပ်ပေးတဲ့ ဉာဏ်ရည်တု (AI) စနစ်ပဲ ဖြစ်ပါတယ်။ ဒီ AI စနစ်က လေထုအခြေအနေ မငြိမ်သက်ရင်တောင် အချိန်နဲ့တပြေးညီ ပြန်လည်ချိန်ညှိပေးနိုင်တာကြောင့် စက်ရုပ်ကို တည်ငြိမ်စွာ ပျံသန်းစေနိုင်ပါတယ်။
ကိုယ်အလေးချိန် ၃၂ ကီလိုဂရမ်ခန့်သာရှိတဲ့ ဒီစက်ရုပ်ရဲ့ ဂျက်အင်ဂျင်တွေက တွန်းကန်အား စုစုပေါင်း 1000 N အထိ ထုတ်လုပ်ပေးနိုင်စွမ်းရှိပါတယ်။
အနာဂတ်အတွက် မျှော်လင့်ချက်သစ်
iRonCub3 လိုမျိုး ပျံသန်းနိုင်တဲ့စက်ရုပ်တွေဟာ အနာဂတ်မှာ လူသားတွေအတွက် အစားထိုးလို့မရတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်ခြေရှိနေပါတယ်။ အထူးသဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်တဲ့နေရာတွေ၊ ဓာတုအဆိပ်ငွေ့သင့်တဲ့ ဒေသတွေလို လူသားတွေ ဝင်ရောက်ဖို့ အန္တရာယ်များတဲ့နေရာတွေမှာ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်မှာပါ။
ဒါ့အပြင် ပျံသန်းနိုင်တဲ့စွမ်းရည်နဲ့ ပစ္စည်းတွေကို လက်ဖြင့်ကိုင်တွယ်နိုင်တဲ့စွမ်းရည် နှစ်မျိုးလုံးလိုအပ်တဲ့ ရှုပ်ထွေးတဲ့မစ်ရှင်တွေမှာ ဒီလိုစက်ရုပ်တွေက အဓိကကျတဲ့ အဖြေတစ်ခု ဖြစ်လာနိုင်တယ်လို့ သုတေသီတွေက ယုံကြည်ထားကြပါတယ်။
Ref : Technology Innovation