ဒီနှစ်အတွင်း လူအများဆုံး စောင့်မျှော်နေကြတဲ့ ဖုန်းတွေထဲက တစ်ခုဖြစ်တဲ့ Nothing Phone (3) ကို တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ယခင်မျိုးဆက်တွေထက် ဒီဇိုင်းပိုင်းနဲ့ နည်းပညာပိုင်းမှာ သိသိသာသာ ပြောင်းလဲမှုတွေ ပါဝင်လာပါတယ်။
အဓိက ဆွဲဆောင်မှု – Glyph Matrix
Nothing ဖုန်းတွေရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ Glyph Interface ကို အခုအခါ “Glyph Matrix” အဖြစ် အဆင့်မြှင့်တင်ထားပါတယ်။ အဲဒီဟာက ဖုန်းရဲ့ကျောဘက် ညာဘက်အပေါ်ထောင့်မှာ တပ်ဆင်ထားတဲ့ LED မီးလုံးငယ် ၄၈၉ လုံးနဲ့ ဖွဲ့စည်းထားတဲ့ monochrome display တစ်ခု ဖြစ်ပါတယ်။ အဲဒီ display က ဖုန်းခေါ်ဆိုသူတွေရဲ့ အချက်အလက်၊ application တွေက သတိပေးချက်တွေ၊ animation တွေနဲ့ တခြား system အခြေအနေတွေကို dot-matrix ပုံစံနဲ့ ပြသပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် “Glyph Button” လို့ခေါ်တဲ့ ခလုတ်အသစ်နဲ့ Glyph Matrix ရဲ့ လုပ်ဆောင်ချက်တွေကို ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။
ကင်မရာစနစ်
ကျောဘက်မှာ 50MP ကင်မရာသုံးလုံးကို ထည့်သွင်းထားပါတယ်။
ပင်မကင်မရာ: OIS ပါဝင်တဲ့ 50MP (1/1.3″ sensor)
Periscope ကင်မရာ: 3x optical zoom နဲ့ 10cm အကွာအဝေးက အနီးကပ်ပုံတွေ ရိုက်ကူးနိုင်တဲ့ telemacro လုပ်ဆောင်ချက်ပါ 50MP ကင်မရာ
Ultrawide ကင်မရာ: 114˚ မြင်ကွင်းကျယ် 50MP ကင်မရာ
Selfie ကင်မရာ: 50MP
Display နဲ့ စွမ်းဆောင်ရည်
6.67-inch AMOLED display ကို အသုံးပြုထားပြီး FHD+ resolution နဲ့ 120Hz adaptive refresh rate တို့ ပါဝင်ပါတယ်။ မျက်နှာပြင်က အမြင့်ဆုံး 4,500 nits အထိ အလင်းရောင်ပေးစွမ်းနိုင်ပြီး မျက်လုံးသက်သာစေဖို့ 2160 PWM dimming နည်းပညာလည်း ပါဝင်ပါတယ်။
Qualcomm ရဲ့ Snapdragon 8s Gen 4 chipset ကို အသုံးပြုထားပြီး 12GB ဒါမှမဟုတ် 16GB RAM၊ 256GB ဒါမှမဟုတ် 512GB storage တို့နဲ့ ရွေးချယ်နိုင်ပါတယ်။ 5,150mAh silicon-carbon ဘက်ထရီကို တပ်ဆင်ထားပြီး 65W ကြိုးတပ်အားသွင်းစနစ်နဲ့ 15W ကြိုးမဲ့အားသွင်းစနစ်တို့ကို ထောက်ပံ့ပေးပါတယ်။ Nothing ဖုန်းတွေထဲမှာ ပထမဆုံးအကြိမ်အဖြစ် IP68 ရေနဲ့ဖုန်ဒဏ်ခံနိုင်ရည်လည်း ပါဝင်လာပါတယ်။
Software နဲ့ Update
Android 15 ကို အခြေခံထားတဲ့ Nothing OS 3.5 နဲ့ ထွက်ရှိလာမှာဖြစ်ပြီး Android 16 အခြေပြု OS 4.0 ကိုလည်း မကြာမီ update ပေးသွားမယ်လို့ အတည်ပြုထားပါတယ်။ ၅ နှစ်တာ Android OS update တွေနဲ့ ၇ နှစ်တာ လုံခြုံရေး update တွေ ပေးအပ်သွားမယ်လို့ ကုမ္ပဏီက အာမခံထားပါတယ်။
ဈေးနှုန်းနဲ့ ရောင်းချမယ့်အစီအစဉ်
Nothing Phone (3) ကို အနက်ရောင်နဲ့ အဖြူရောင်နှစ်မျိုးနဲ့ ရရှိနိုင်မှာပါ။
12/256 GB မော်ဒယ်: $799 / €799 / £799 / ₹79,999
16/512 GB မော်ဒယ်: $899 / €899 / £899 / ₹89,999
ကြိုတင်မှာယူမှုတွေကို ဇူလိုင်လ ၄ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ဇူလိုင်လ ၁၅ ရက်နေ့မှာ တရားဝင် စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။
Ref : gsmarena