တရုတ်နိုင်ငံမှ တီထွင်သူတစ်ဦးက စစ်ဘက်သုံး လေဆာကာကွယ်ရေးစနစ်တွေကဲ့သို့ အဆင့်မြင့်နည်းပညာကို အခြေခံကာ ခြင်များကို အတိအကျပစ်ခတ်ရှင်းလင်းနိုင်တဲ့ စက်တစ်မျိုးကို ထုတ်ဖော်ပြသလိုက်ပါတယ်။ “Photon Matrix” လို့ အမည်ပေးထားတဲ့ ဒီစက်ဟာ တစ်စက္ကန့်ကို ခြင်အကောင် ၃၀ အထိ ရှင်းလင်းနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။
ဒီစက်ဟာ အဆင့်မြင့်နည်းပညာနှစ်မျိုးကို ပေါင်းစပ်အသုံးပြုထားတာ ဖြစ်ပါတယ်။ ပထမဦးစွာ LiDAR (Light Detection and Ranging) လို့ခေါ်တဲ့ လေဆာရဒါစနစ်က ပတ်ဝန်းကျင်ကို အဆက်မပြတ်စကန်ဖတ်ပြီး ခြင်လိုမျိုး သေးငယ်တဲ့ ပျံသန်းနေတဲ့အရာတွေကို ၃ မီလီစက္ကန့်အတွင်း အလျင်အမြန်ရှာဖွေပါတယ်။ အဲဒီနောက် အကောင်ရဲ့ အရွယ်အစား၊ အကွာအဝေးနဲ့ ဦးတည်ရာကို အတိအကျတွက်ချက်ပြီးတာနဲ့ Galvanometer လို့ခေါ်တဲ့ မှန်ပြားစနစ်ကိုသုံးပြီး ဒုတိယလေဆာတန်းတစ်ခုက ခြင်ရှိရာကို အတိအကျချိန်ရွယ်ကာ ချက်ချင်းပစ်ခတ်ရှင်းလင်းလိုက်တာ ဖြစ်ပါတယ်။
အသုံးပြုသူတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက်လည်း ဒီစက်မှာ မီလီမီတာလှိုင်းရေဒါစနစ်ကို ထည့်သွင်းတည်ဆောက်ထားပါတယ်။ အဲဒီရေဒါစနစ်က လူနဲ့ အိမ်မွေးတိရစ္ဆာန်တွေလို အရာဝတ္ထုကြီးတွေ အနီးအနားမှာရှိနေရင် အာရုံခံနိုင်ပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့ လေဆာတန်း ပစ်ခတ်ခြင်းကို အလိုအလျောက် ရပ်တန့်ပေးမှာ ဖြစ်ပါတယ်။ ဒီစက်ဟာ Basic Edition (၃ မီတာ အကွာအဝေး) နဲ့ Pro Version (၆ မီတာ အကွာအဝေး) ဆိုပြီး နှစ်မျိုးထုတ်လုပ်ထားပြီး IP68 ရေစိုခံစနစ်ပါဝင်လို့ အိမ်တွင်း၊ အိမ်ပြင် နှစ်နေရာလုံးမှာ အသုံးပြုနိုင်ပါတယ်။
“Photon Matrix” ခြင်သတ်စက်ဟာ ဓာတုဆေးဝါးတွေ၊ အငွေ့တွေ လုံးဝအသုံးမပြုဘဲ ရုပ်ပိုင်းဆိုင်ရာနည်းပညာသက်သက်နဲ့ ရှင်းလင်းတာဖြစ်ပါတယ်။ ဒီစက်ကို တရုတ်နိုင်ငံ၊ Changzhou မြို့က တီထွင်သူ Jim Wong က ဖန်တီးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ Indiegogo ဆိုတဲ့ crowdfunding ပလက်ဖောင်းပေါ်မှာ ရင်းနှီးမြှုပ်နှံမှုတွေခေါ်ယူနေကာ ကမ္ဘာတစ်ဝန်းက နည်းပညာ စိတ်ဝင်စားသူတွေရဲ့ အာရုံစိုက်မှုကို အများအပြား ရရှိထားပါတယ်။
Ref : interesting engineering