UAE က အနာဂတ်  သယ်ယူပို့ဆောင်ရေးစီမံကိန်းကြီးတစ်ခုကို အကောင်အထည်ဖော်နေပါတယ်။ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က သူတို့ရဲ့ ဖူဂျိုင်းရာ (Fujairah) ဆိပ်ကမ်းမြို့နဲ့ အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးဗဟိုချက်ဖြစ်တဲ့ မွမ်ဘိုင်းမြို့ကို ဆက်သွယ်ပေးမယ့် ဧရာမရေအောက်ရထားလမ်း စီမံကိန်းအစီအစဉ်တွေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အာရေဗျပင်လယ်အောက်ကနေ မိုင် ၁,၂၀၀ နီးပါးလောက် ဖြတ်သန်းသွားမယ့် အဲဒီ အံ့ဖွယ်ရာစီမံကိန်းက မြန်နှုန်းမြင့် ခရီးစဉ်၊ ဇိမ်ခံမှုနဲ့ လှပတဲ့မြင်ကွင်းတွေကို ပေါင်းစပ်ပေးဖို့ ရည်ရွယ်ပါတယ်။ တစ်နာရီကို ကီလိုမီတာ ၆၀၀ ကနေ ၁,၀၀၀ ကြား ခန့်မှန်းအမြန်နှုန်းနဲ့ သွားမှာဖြစ်လို့ ခရီးစဉ်က လေယာဉ်ခရီးစဉ်တွေထက်တောင် ပိုမြန်ဆန်ပြီး ပိုမိုချောမွေ့ကာ မျက်စိပသာဒဖြစ်စရာကောင်းတဲ့ အတွေ့အကြုံကို ပေးစွမ်းမှာ ဖြစ်ပါတယ်။

UAE plans world's first underwater bullet train connecting Dubai to Mumbai  - The Brighter Side of News

“ဒါက သယ်ယူပို့ဆောင်ရေးသက်သက်မဟုတ်ဘဲ စီးမျောခံစားရမယ့် အတွေ့အကြုံတစ်ခုပါ” လို့ UAE ရဲ့ အမျိုးသားအကြံပေးဗျူရိုကို ဦးဆောင်နေတဲ့ ဒေါက်တာ Ahmed Al Hariri က ပြောပါတယ်။ ၂၀၁၈ ခုနှစ်ကတည်းက စိတ်ကူးအဖြစ် စတင်ပေါ်ပေါက်ခဲ့တဲ့ အဲဒီရထားစီမံကိန်းဟာ အခုအခါမှာ စိတ်ကူးသက်သက်မဟုတ်တော့ပါဘူး။ အခုဆို တက်တက်ကြွကြွ အကောင်အထည်ဖော်နေပါပြီ။

ရထားလမ်းဥမင်ရဲ့ နံရံတွေတစ်လျှောက်မှာ တပ်ဆင်ထားမယ့် မြင်ကွင်းကျယ်ပြတင်းပေါက်တွေက ခရီးသွားတွေကို လှိုင်းလုံးတွေအောက်ကနေ အရှိန်နဲ့ဖြတ်သွားနေတုန်း ရေအောက်ကမ္ဘာရဲ့ သက်ဝင်လှုပ်ရှားနေတဲ့မြင်ကွင်းတွေကို ကြည့်ရှုခွင့်ပေးမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံလုံးက ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းကို တိုးချဲ့ဖို့ ကြိုးစားနေတာကြောင့် ဒီစီမံကိန်းက အံ့ဖွယ်ရာတစ်ခုသက်သက်ထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်နေတဲ့ ဒေသနှစ်ခုကြားက မဟာဗျူဟာမြောက် တံတားတစ်ခုလည်း ဖြစ်ပါတယ်။

ဒီမြန်နှုန်းမြင့်ရထားလမ်းက လူတွေကို နယ်စပ်ဖြတ်ကျော်ပြီး ပို့ဆောင်ပေးဖို့တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ အိန္ဒိယကနေ UAE ကို သောက်သုံးရေလို ကုန်စည်တွေ သယ်ယူဖို့နဲ့ လမ်းကြောင်းပြောင်းပြန်အနေနဲ့ ရေနံပြန်သယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နှစ်မျိုးနဲ့ ဒီဇိုင်းဆွဲထားတာပါ။ ဒူဘိုင်းကတော့ ဒီစီမံကိန်းကို အိန္ဒိယနဲ့ ကုန်သွယ်ရေးပူးပေါင်းမှုကို ပိုမိုခိုင်မာစေမယ့် နည်းလမ်းတစ်ခုအဖြစ် ရှုမြင်သလို၊ ခရီးသွားလုပ်ငန်းရဲ့ အဓိပ္ပါယ်အသစ်ကို ဖော်ဆောင်ပေးမှာပါ။

Ref : thebrighterside