၂၀၂၅ ခုနှစ် ဇန်နဝါရီလက CES 2025 မှာ ပြသခဲ့တဲ့ ထူးခြားတဲ့ နည်းပညာပစ္စည်းတွေထဲမှာ Lenovo ရဲ့ ပထမဆုံး rollable laptop ဖြစ်တဲ့ ThinkBook Plus Gen 6 လည်း ပါဝင်ခဲ့ပါတယ်။ အခုတော့ အဲဒီမော်ဒယ်ကို Samsung ရဲ့ Galaxy Z Fold 7 ထက် ဒေါ်လာရာဂဏန်းလောက်ပဲ ပိုများတဲ့ ဈေးနှုန်းနဲ့ တရားဝင် စတင်ရောင်းချလိုက်ပြီ ဖြစ်ပါတယ်။
နည်းပညာမြင့်သလို ဈေးကလည်း မသေးပါဘူး။ တရုတ်နည်းပညာကုမ္ပဏီကြီးက ThinkBook Plus Gen 6 မော်ဒယ်ကို အမေရိကန်ဒေါ်လာ ၃,၂၉၉ သတ်မှတ်ထားပါတယ်။ စွမ်းဆောင်ရည်သိပ်မမြင့်ပေမယ့် ဘက်ထရီစားသက်သာတဲ့ Intel Core Ultra 7 258V processor နဲ့အတူ 32GB RAM နဲ့ 1TB PCIe Gen 4 SSD တို့ကို ရရှိမှာ ဖြစ်ပါတယ်။
တကယ်တမ်းမှာတော့ ဒီလောက်ဈေးကြီးပေးရတာက သူ့ရဲ့ထူးခြားတဲ့ rollable display ကြောင့်ပဲ ဖြစ်ပါတယ်။ မူလ ၁၄ လက်မ display ကနေ ၁၆.၇ လက်မအထိ အပေါ်ဘက်ကို ချောမွေ့စွာ ဆန့်ထုတ်ချဲ့ထွင်နိုင်တာကြောင့် သယ်ဆောင်ရလွယ်ကူသလို ကြီးမားတဲ့ မျက်နှာပြင်ကို သုံးနိုင်မှာ ဖြစ်ပါတယ်။
Rollable display ဖြစ်တာကြောင့် ခေါက်ချိုး laptop တွေမှာလို မျက်စိနောက်စရာ ခေါက်ရိုးရာကြီးကိုလည်း စိတ်ပူစရာမလိုတော့ပါဘူး။ Lenovo က 120Hz refresh rate နဲ့ 400 nits brightness ရှိတဲ့ OLED display ကို သုံးထားပြီး resolution က 2000 x 1600p ကနေ (ဆန့်ထုတ်လိုက်တဲ့အခါ) 2000 x 2350p အထိ ရရှိမှာပါ။ တခြားထူးခြားတဲ့ အချက်တွေအနေနဲ့ Dolby Atmos၊ WiFi 7၊ Bluetooth 5.4၊ Hardman Kardon စပီကာတွေနဲ့ 66Whr ဘက်ထရီတို့လည်း ပါဝင်ပါတယ်။
Ref : gizmochina