Meta ကုမ္ပဏီက သူ့ရဲ့ CEO ဖြစ်တဲ့ Mark Zuckerberg ရဲ့ လုံခြုံရေးအတွက် သုံးစွဲတဲ့ငွေပမာဏဟာ Apple, Nvidia, Amazon နဲ့ Alphabet တို့လို ပြိုင်ဘက်ကုမ္ပဏီကြီးတွေက သူတို့ရဲ့ CEO တွေအတွက် သုံးတဲ့ စရိတ်အားလုံးပေါင်းတာထက်တောင် ပိုများနေတယ်လို့ Financial Times ရဲ့ သုံးသပ်ချက်အသစ်အရ သိရပါတယ်။
Meta က Zuckerberg အတွက် ၂၀၂၄ ခုနှစ်မှာ လုံခြုံရေးအသုံးစရိတ်အဖြစ် ဒေါ်လာ ၂၇ သန်းကျော် သုံးစွဲခဲ့ပြီး ဒါဟာ အရင်နှစ်က ဒေါ်လာ ၂၄ သန်းထက် ပိုများလာတာ ဖြစ်ပါတယ်။ ဒီပမာဏဟာ တခြားကုမ္ပဏီတွေနဲ့ ယှဉ်ရင် အဆပေါင်းများစွာ ကွာခြားနေပါတယ်။ ဥပမာအားဖြင့် Alphabet က Sundar Pichai အတွက် ဒေါ်လာ ၆.၈ သန်း၊ Nvidia က Jensen Huang အတွက် ဒေါ်လာ ၃.၅ သန်းနဲ့ Apple က Tim Cook အတွက် ဒေါ်လာ ၁.၄ သန်းသာ အသုံးပြုခဲ့ကြပါတယ်။
Zuckerberg ဟာ လူအများရဲ့ ဝေဖန်မှုတွေနဲ့ မကြာခဏ ရင်ဆိုင်ရသူ၊ ကုမ္ပဏီရဲ့ အမှတ်တံဆိပ်လို ဖြစ်နေသူဖြစ်တာကြောင့် သူ့ရဲ့ နေအိမ်၊ မိသားစုနဲ့ ခရီးသွားလာမှုအားလုံးအတွက် လုံခြုံရေးကို အထူးဂရုစိုက်တာ ဖြစ်ပါတယ်။
ယေဘုယျအားဖြင့် Tech CEO တွေအပေါ် ခြိမ်းခြောက်မှုတွေ ပိုများလာတာနဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေ မြင့်တက်လာတာကြောင့် ကုမ္ပဏီအများစုက သူတို့ CEO တွေရဲ့ လုံခြုံရေးအသုံးစရိတ်ကို တိုးမြှင့်လာကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Ref : Fortune