Google ရဲ့ အဆင့်မြင့် Flagship ဖုန်းတွေဖြစ်တဲ့ Pixel 10 Pro နဲ့ Pixel 10 Pro XL တို့ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒီနှစ် Pro မော်ဒယ်တွေမှာ အဓိက အပြောင်းအလဲတွေအနေနဲ့ Chipset အသစ်၊ ဘက်ထရီအကြီးစားတွေနဲ့ Apple ရဲ့ MagSafe လိုမျိုး magnetic charging စနစ်အသစ်တို့ ပါဝင်လာပါတယ်။ ဒီဇိုင်းပိုင်းမှာ အရင်မျိုးဆက်နဲ့ တထေရာတည်းတူညီပေမယ့် Moonstone (မီးခိုးပြာ)၊ Obsidian (အနက်)၊ Porcelain (အဖြူ) နဲ့ Jade (စိမ်း) ဆိုတဲ့ အရောင်သစ်တွေနဲ့ ထွက်ရှိလာပါတယ်။
Pixel 10 Pro မှာ 6.3 လက်မ LTPO OLED display ကို တပ်ဆင်ထားပြီး Pixel 10 Pro XL မှာတော့ 6.8 လက်မ display ကို အသုံးပြုထားပါတယ်။ Resolution အနေနဲ့ Pro မော်ဒယ်မှာ 1,280 x 2,856px နဲ့ Pro XL မှာ 1,344 x 2,992px အသီးသီးရှိကြပါတယ်။ Display နှစ်ခုလုံးဟာ 1Hz ကနေ 120Hz အထိ refresh rate ကို ထောက်ပံ့ပေးထားပြီး အမြင့်ဆုံးတောက်ပမှု 3,300 nits အထိ ရရှိနိုင်ပါတယ်။ Gorilla Glass Victus 2 နဲ့ ကာကွယ်ပေးထားပြီး 42MP selfie ကင်မရာနဲ့ display-အောက် ultrasonic လက်ဗွေရာစနစ်တို့လည်း ပါဝင်ပါတယ်။
အဓိက အပြောင်းအလဲကတော့ Tensor G5 chipset ဖြစ်ပါတယ်။ Samsung အစား TSMC က ပထမဆုံးအကြိမ် ထုတ်လုပ်ပေးတဲ့ Google chipset ဖြစ်ပြီး စွမ်းအင်သုံးစွဲမှု ပိုမိုကောင်းမွန်လာတာကြောင့် Snapdragon flagship ဖုန်းတွေနဲ့ ယှဉ်ပြိုင်နိုင်တော့မှာ ဖြစ်ပါတယ်။ Tensor G5 ဟာ G4 ထက် CPU ပိုင်းမှာ 34% ပိုမြန်ပြီး AI ပိုင်းမှာ 60% ပိုမိုမြန်ဆန်လာတယ်လို့ ဆိုပါတယ်။ RAM ကိုတော့ 16GB standard အဖြစ် ထည့်သွင်းပေးထားပါတယ်။
Pixel တွေရဲ့ အဓိကအားသာချက်ဖြစ်တဲ့ ကင်မရာပိုင်းမှာတော့ အရင်နှစ်က hardware ကိုပဲ ပြန်လည်အသုံးပြုထားတာ တွေ့ရပါတယ်။ 50MP main ကင်မရာ၊ 48MP ultrawide ကင်မရာတို့နဲ့အတူ 5x optical zoom နဲ့ 100x hybrid zoom အထိ ဆွဲနိုင်တဲ့ 48MP telephoto ကင်မရာတို့ ပါဝင်ပါတယ်။ Video ကိုတော့ upscaled 4K ဖြစ်တဲ့ 8K resolution 30fps အထိ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
Pixel 10 Pro မှာ 4,870 mAh ဘက်ထရီနဲ့ 30W အားသွင်းစနစ်ပါဝင်ပြီး၊ Pro XL မှာတော့ 5,200 mAh ဘက်ထရီနဲ့ 45W အားသွင်းစနစ် ပါဝင်လာပါတယ်။ ဒါ့အပြင် Qi2 wireless charging စနစ်ကိုလည်း ထောက်ပံ့ပေးထားပြီး Pro မှာ 15W, Pro XL မှာ 25W အမြန်နှုန်းတို့နဲ့ အားသွင်းနိုင်မှာပါ။ ဒီလိုအားသွင်းနိုင်ဖို့အတွက် Google က MagSafe ကိုတုပထားတဲ့ Pixelsnap လို့ခေါ်တဲ့ magnetic charging စနစ်ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။
Software အပိုင်းမှာ Android 16 နဲ့ Google ရဲ့ Material 3 Expressive UI အသစ်ကို အသုံးပြုထားပြီး OS, security နဲ့ Pixel Drop update တွေကို ၇ နှစ်တိတိ ပေးသွားမှာ ဖြစ်ပါတယ်။ IP68 ရေစိုဖုန်ဒဏ်ခံနိုင်မှု၊ Wi-Fi 7, Ultra-Wideband နဲ့ Bluetooth 6 တို့လည်း ပါဝင်ပါတယ်။
ဈေးနှုန်းအနေနဲ့ကတော့
Pixel 10 Pro (128GB) – $999 / €1,099 / £999 / ₹109,999 ကနေ စတင်ပါမယ်။
Pixel 10 Pro XL (256GB) – $1,199 / €1,299 / £1,199 / ₹124,999 ကနေ စတင်ပါမယ်။
Ref : gsmarena