BITS Pilani Dubai က အင်ဂျင်နီယာကျောင်းသားတွေဖြစ်တဲ့ Eshel Wasim နဲ့ Dharsan Srinivasan တို့က Project REBIRTH လို့ခေါ်တဲ့ AI နည်းပညာသုံး လေယာဉ်မတော်တဆမှု အသက်ကယ်စနစ်တစ်ခုကို တီထွင်လိုက်ပါတယ်။ ဒီစနစ်ဟာ ပေ ၃,၀၀၀ အောက်မှာ လေယာဉ်ပျက်ကျတော့မယ့် အခြေအနေကို AI က ကြိုတင်သိရှိနိုင်ပြီး နှစ်စက္ကန့်အတွင်းမှာ လေယာဉ်ကိုယ်ထည်အပြင်ဘက်မှာရှိတဲ့ Airbag တွေကို ချက်ချင်းဖွင့်ပေးမှာ ဖြစ်ပါတယ်။

project rebirth proposes airplane crash survival system with airbags

ဒီ Airbag တွေကို Kevlar, TPU, Zylon နဲ့ smart fluids လိုမျိုး ခေတ်မီပစ္စည်းတွေသုံးပြီး ပြုလုပ်ထားတာကြောင့် ပျက်ကျချိန်မှာ ဖြစ်ပေါ်လာတဲ့ ပြင်းထန်တဲ့အားကို စုပ်ယူပေးနိုင်ပါတယ်။ ကွန်ပျူတာ simulation တွက်ချက်မှုတွေအရ ပျက်ကျတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ထိခိုက်ပျက်စီးမှုကို ၆၀% အထိ လျှော့ချပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

PROJECT REBIRTH | James Dyson Award

ဒါ့အပြင် ကယ်ဆယ်ရေးလုပ်ငန်းတွေ လွယ်ကူစေဖို့အတွက် GPS tracker ၊ အနီအောက်ရောင်ခြည်သုံး အချက်ပြမီး (infrared beacons) တွေနဲ့ အဝေးကနေ မြင်နိုင်တဲ့ ဆေးရောင်တောက်တောက်တွေလည်း ဒီစနစ်မှာ ပါဝင်ပါတယ်။ ဒီစိတ်ကူးကို အိန္ဒိယလေကြောင်းလိုင်းရဲ့ လူသေဆုံးမှုများခဲ့တဲ့ လေယာဉ်ပျက်ကျမှုတစ်ခုကနေ အိုင်ဒီယာရခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၁:၁၂ အချိုးအစားရှိတဲ့ ရှေ့ပြေးပုံစံငယ် (prototype) တစ်ခုကို တည်ဆောက်ထားပြီး ဖြစ်ပါတယ်။

ဒီ Project REBIRTH ဟာ ၂၀၂၅ ခုနှစ်အတွက် James Dyson Award ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေပြီး ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၄၀,၀၀၀ ချီးမြှင့်မှာ ဖြစ်ပါတယ်။

Ref : Fossbytes