အမျိုးသမီးငယ်နှစ်ဦးနဲ့ မိန်းကလေးတစ်ဦးကို ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့တာကို Instagram မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ဖြစ်ရပ်ဟာ စက်တင်ဘာလ ၂၅ ရက်နေ့က အာဂျင်တီးနား တစ်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့ပါတယ်။ မူးယစ်ရာဇာတွေရဲ့ အပြစ်ပေးသတ်ဖြတ်မှုဖြစ်တယ်လို့ စုံစမ်းစစ်ဆေးသူတွေက သံသယရှိနေပါတယ်။
Buenos Aires မြို့ရဲ့ တောင်ဘက်ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ အသက် ၂၀ အရွယ် Morena Verri၊ အသက် ၂၀ အရွယ် Brenda Del Castillo နဲ့ အသက် ၁၅ နှစ်အရွယ် Lara Morena Gutierrez တို့ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သူတို့ကို Instagram ရဲ့ private account တစ်ခုမှာ တိုက်ရိုက်ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့တာဖြစ်ပြီး အဲဒီထုတ်လွှင့်မှုကို လူ ၄၅ ဦးက ကြည့်ရှုခဲ့တယ်လို့ Buenos Aires ခရိုင်ရဲ့ လုံခြုံရေးဝန်ကြီး Javier Alonso က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒီလူသတ်မှုတွေနဲ့ပတ်သက်ပြီး လူလေးဦးကို ဖမ်းဆီးထားတယ်လို့ Alonso က ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဖမ်းဆီးထားသူ ၁၂ ဦးအထိ ရှိလာပြီလို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
သေဆုံးသူတွေဟာ ၅ ရက်ကြာ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။သူတို့ကို စက်တင်ဘာလ ၁၉ ရက်နေ့ညက Buenos Aires မြို့တောင်ဘက် ကီလိုမီတာ ၂၀ အကွာက La Tablada ရပ်ကွက်မှာ ဗင်ကားတစ်စီးထဲကို သွေးဆောင်ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ Alonso က ပြောပါတယ်။
“သူတို့ဟာ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုအဖွဲ့အစည်းတစ်ခုက သူတို့ကိုသတ်ဖြတ်ဖို့ ဖန်တီးထားတဲ့ ထောင်ချောက်ထဲကို ကျရောက်သွားခဲ့တာပါ” လို့ သူက ပြောကြားခဲ့ပါတယ်။
သူတို့ရဲ့ ရုပ်အလောင်းတွေကိုတော့ La Tablada ရပ်ကွက်ရဲ့ အရှေ့တောင်ဘက် တစ်နာရီခန့်အကွာမှာရှိတဲ့ Florencio Varela က အိမ်တစ်လုံးမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီသတ်ဖြတ်မှုဟာ ဂိုဏ်းရဲ့စည်းကမ်းကို ချိုးဖောက်တယ်လို့ စွပ်စွဲခံရတဲ့ “မိန်းကလေးတွေကို အပြစ်ပေးဖို့” နဲ့ တခြားအဖွဲ့ဝင်တွေကို သတိပေးဖို့အတွက် လုပ်ဆောင်ခဲ့တာ ဖြစ်နိုင်တယ်လို့ Alonso က ပြောပါတယ်။
မှုခင်းဆေးပညာရဲ့ ကနဦးစစ်ဆေးချက်တွေအရ သေဆုံးသူတွေဟာ ပျောက်ဆုံးသွားတဲ့နေ့မှာပဲ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးသူတွေရဲ့အဆိုအရ သူတို့ဟာ Buenos Aires မြို့ရဲ့ စီးပွားရေးအချက်အချာကျတဲ့ Flores ရပ်ကွက်က ဂိုဏ်းခေါင်းဆောင်တွေနဲ့ အဆက်အသွယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ကို ညှဉ်းပန်းနှိပ်စက်နေချိန်မှာ ဂိုဏ်းခေါင်းဆောင်က “ငါ့ဆီက မူးယစ်ဆေးခိုးတဲ့သူတွေ ဒီလိုပဲဖြစ်ရတယ်” လို့ ပြောခဲ့ကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
သံသယရှိတဲ့ ဂိုဏ်းခေါင်းဆောင်အတွက် ဖမ်းဝရမ်းထုတ်ထားပြီး သူဟာ အသက် ၂၃ နှစ်ဝန်းကျင်ရှိကာ “Little J” ဒါမှမဟုတ် “Julito” လို့ အမည်ပြောင်ပေးထားတယ်လို့ Alonso က ပြောပါတယ်။
သေဆုံးသူတွေဟာ မူးယစ်ဆေးဝါးခိုးယူမှုကြောင့် အသတ်ခံရတာဖြစ်နိုင်သလားလို့ မေးမြန်းရာမှာတော့ Alonso က “ဘာမဆို ဖြစ်နိုင်ပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
စက်တင်ဘာလ ၂၄ ရက်နေ့ညက လူဒါဇင်ပေါင်းများစွာဟာ Flores နဲ့ La Tablada ရပ်ကွက်တွေမှာ ဒီလူသတ်မှုတွေအတွက် ဆန္ဒပြခဲ့ကြပါတယ်။
Ref: Bangkokpost