၂၀၁၃ ခုနှစ်မှာ PayPal ရဲ့ အမှားတစ်ခုကြောင့် ပင်ဆယ်ဗေးနီးယား ပြည်နယ်မှာ နေထိုင်တဲ့ ခရစ် ရေးနိုးလ်စ် (Chris Reynolds) ဟာ သူ့အကောင့်ထဲကို ဒေါ်လာ ၉၂ ကွာဒရီလီယံ ($92,233,720,368,547,800) ဝင်လာခဲ့ပြီးနောက် နှစ်မိနစ်ကြာ ကမ္ဘာ့ပထမဆုံးနဲ့ တစ်ဦးတည်းသော ကွာဒရီလီယံနာ သူဌေး ဖြစ်လာခဲ့ပါတယ်။
ဒယ်လာဝဲယားခရိုင်က အသက် ၅၆ နှစ်အရွယ် သူဟာ eBay မှာ ကားပစ္စည်းတွေ ရောင်းချရာကနေ ပုံမှန်အားဖြင့် သူ့အကောင့်ထဲမှာ ဒေါ်လာ ၁,၀၀၀ ဝန်းကျင်လောက်ပဲ ရှိလေ့ရှိပါတယ်။
အဲဒီအမှားကြောင့် သူဟာ ကမ္ဘာပေါ်က ဘီလီယံနာသူဌေးတွေ အားလုံးပေါင်းထားတာထက် ပိုချမ်းသာသွားခဲ့ပြီး ကမ္ဘာ့စီးပွားရေး တစ်ခုလုံးထက်တောင် ကျော်လွန်သွားခဲ့ပါတယ်။ PayPal က ဒါဟာ အမှားတစ်ခုဖြစ်ကြောင်း အတည်ပြုပြီး မိနစ်ပိုင်းအတွင်းမှာပဲ အဲဒီငွေလွှဲပြောင်းမှုကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။
ရေးနိုးလ်စ်က သူ တကယ်ပဲ အဲဒီငွေပမာဏ ပိုင်ခဲ့ရင် အမေရိကန်နိုင်ငံရဲ့ နိုင်ငံတော်အကြွေးကို ဆပ်ပစ်ပြီး Philadelphia Phillies ဘေ့စ်ဘောအသင်းကို ဝယ်လိုက်မှာပါလို့ နောက်ပြောင်ပြီး ပြောခဲ့ပါတယ်။ လျော်ကြေးအနေနဲ့ PayPal က နောက်ပိုင်းမှာ သူ နှစ်သက်တဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုကို လှူဒါန်းမှုတစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။
Ref : Fossbytes