Elon Musk ဟာ Wikipedia ရဲ့ ပြိုင်ဘက်ဖြစ်လာမယ့် “Grokipedia” ကို တနင်္လာနေ့မှာ စတင်မိတ်ဆက်လိုက်ပုံ ရပါတယ်။ ဒါဟာ သူ့ရဲ့ AI ကုမ္ပဏီ xAI က “Wikipedia ထက် အများကြီး ပိုကောင်းမွန်တဲ့ တိုးတက်မှုတစ်ခု” ကို တည်ဆောက်နေတယ်လို့ X မှာ ကြေညာခဲ့ပြီး မကြာခင်မှာပဲ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Musk in White House with doge hat

Elon Musk ရဲ့ Grokipedia ဟာ “version v0.1” အခြေအနေမှာ ဆောင်းပါးပေါင်း ၈၈၅,၂၇၉ ပုဒ် လောက် ရှိတယ်လို့ သိရပါတယ်။ ဒါကို Wikipedia နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်၊ အင်္ဂလိပ် Wikipedia တစ်ခုတည်းမှာတင် ဆောင်းပါးပေါင်း ၇,၀၈၁,၇၀၅ ပုဒ် ရှိနေပါတယ်။

Elon Musk launches Grokipedia, a “truth-oriented” AI encyclopedia

Grokipedia ရဲ့ အဓိက အချက်ကတော့ ဒါဟာ Elon Musk ရဲ့ xAI ကုမ္ပဏီက တီထွင်ထားတဲ့ Grok ဆိုတဲ့ AI chatbot ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ Musk က AI ကို အသုံးပြုပြီး “လူသားတွေရဲ့ အသိပညာ ဗဟုသုတ အားလုံးကို ပြန်လည် ရေးသားမယ်” လို့ ရည်ရွယ်ထားပေမယ့်၊ AI နဲ့ ဖန်တီးထားတာ ဖြစ်တဲ့အတွက် အချက်အလက် အမှားအယွင်းတွေ ရှိနေနိုင်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

Musk က Wikipedia လို ပင်မ platform တွေဟာ နိုင်ငံရေးအရ ဘက်လိုက်မှု ရှိနေတယ်လို့ အကြိမ်ကြိမ် စွပ်စွဲခဲ့ဖူးပြီး၊ “ဟန်ချက်ညီမှု ပြန်လည် မရမချင်း Wikipedia ကို ရန်ပုံငွေ ဖြတ်တောက်ကြဖို့” ဇန်နဝါရီလတုန်းက သူ့ရဲ့ follower တွေကို တိုက်တွန်းခဲ့ပါသေးတယ်။

Musk ဟာ Wikipedia ကို ဝေဖန်တိုက်ခိုက်နေတာ နှစ်ပေါင်းများစွာ ရှိပါပြီ။ ၂၀၁၉ ခုနှစ်တုန်းက သူ့ရဲ့ ကိုယ်ပိုင် Wikipedia စာမျက်နှာကို “တည်းဖြတ်မှုပေါင်း သန်းနဲ့ချီနေတဲ့ စစ်မြေပြင်” လို့ ခေါ်ဝေါ်ခဲ့ပြီး၊ “ရင်းနှီးမြှုပ်နှံသူ (investor)” ဆိုတဲ့ စကားလုံးကို ဖျက်ပေးဖို့တောင် တောင်းဆိုခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာလည်း Wikipedia မှာ “သိသိသာသာကြီး လက်ဝဲယိမ်းတဲ့ ဘက်လိုက်မှု ရှိတယ်” လို့ X မှာ ပို့စ်တင်ခဲ့ပါတယ်။

ဒီပြဿနာဟာ Musk နဲ့ Wikipedia ကို ပူးတွဲတည်ထောင်သူ Jimmy Wales ကြားက ကာလရှည်ကြာ အွန်လိုင်းတိုက်ပွဲရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ Wales က Musk ရဲ့ X ပလက်ဖောင်းကို ဝေဖန်ခဲ့သလို (ဥပမာ- တူရကီ ရွေးကောက်ပွဲမတိုင်ခင် content တွေ ပိတ်ခဲ့တာ)၊ Musk ကလည်း Wales ကို တုံ့ပြန်တဲ့အနေနဲ့ Wikipedia က သူ့ရဲ့နာမည်ကို “Dickipedia” လို့ ပြောင်းပေးရင် ဒေါ်လာ ၁ ဘီလီယံ ပေးမယ်လို့ ရေးသားခဲ့ဖူးပါတယ်။

Musk က Grok ကို အသုံးပြုပြီး “လူသားတွေရဲ့ အသိပညာ ဗဟုသုတ အားလုံးကို ပြန်လည် ရေးသားမယ်” လို့ ကြွေးကြော်ထားပေမယ့်၊ Grokipedia ကတော့ အစောပိုင်းမှာတင် ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဝက်ဘ်ဆိုက် စတင်ချိန်မှာ error တက်တာတွေ ရှိခဲ့သလို၊ Musk ရဲ့ ကိုယ်ရေးအချက်အလက် စာမျက်နှာမှာတောင် Vivek Ramaswamy နဲ့ ပတ်သက်တဲ့ အချက်အလက် အမှား ပါဝင်နေတာကို တွေ့ရှိခဲ့ရပါတယ်။ Wales ကိုယ်တိုင်ကလည်း AI တွေဟာ လုံလောက်တဲ့ အဆင့် မမီသေးတာကြောင့် “အမှားတွေ အများကြီး ရှိလိမ့်မယ်” လို့ ကြိုတင် ခန့်မှန်းထားခဲ့ပြီး ဖြစ်ပါတယ်။

Ref : businessinsider